မနက် အာရုံ နှစ်ချက်တီးချိန်ဘဲ ရှိအုံးမယ် ထင်ပါတယ်... လကွယ်ည မဟုတ်ပေမယ့်လို့ ကောင်းကင်မှာ တိမ်တချို့ ဖုံးကွယ်ထားတာကြောင့် ညရဲ့အလင်းက ကိုယ်တလှံပတ်ဝန်းကျင်လောက်အထိဘဲ ဝိုးတဝါး မြင်နေရပါတယ်။
ဒီအချိန်က လူတကာတွေ အိပ်မောကျတဲ့ အချိန်လဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကို ကြည့်လိုက်ရင်ဖြင့် လူရှိတယ်လို့တောင် မထင်ရအောင်ဘဲ တိတ်ဆိတ်နေပါတယ်... ဒီရွာက တောရွာကလေး တရွာ ဆိုပေမဲ့ အရင်က ကြက်နာကျခဲ့လို့ မိုးသာလင်းသွားတယ် ကြက်သွန်သံတွေ သိပ် မကြားလိုက်ရပါဘူး...
လူခြေတိတ်ပြီး အိပ်ပျော်နေကြပေမဲ့ ဒီအချိန် ထလာပြီး အမှောင်ထဲမှာ နွားလှည်းတစ်စီးနဲ့ အလုပ်ရှုပ်နေတဲ့သူကတော့ ဦးစိုးရယ် ဖြစ်ပါတယ်။
အိပ်ယာမဝင်ခင်ကတည်းက သူ့ဇနီး ပြင်ဆင်ထားပေးတဲ့ ရိက္ခာခြောက်တွေနဲ့ သူ့အတွက် လိုအပ်မဲ့ သံချောင်း၊ သံကြိုး၊ ပုဆိန်နဲ့ ဓါးမ တို့ကို နွားလှည်းပေါ်တင်ပြီး မှောင်မဲနေတဲ့ တောတောင်ဖက် ဦးတည်ကာ သူ့လှည်းကို မောင်းထွက်သွားခဲ့ပါတယ်...
ညဖက်မှာ နွားခလောက်တွေ အသံလည်း ပိတ်ထားတာကြောင့် ဦးစိုးရယ်ရဲ့ နွားလှည်းထွက်ခွာ ရွှေ့လျားသံတွေက မိနစ်အနည်းငယ်အတွင်းမှာဘဲ ပျောက်ကွယ်သွားပါတယ်... ဒီပုံရိပ်ကို မြင်ပြီး အခြေအနေကို နားလည်သူတိုင်းကတော့ ဦးစိုးရယ်ဟာ သူ့မိသားစု စားဝတ်နေရေးအတွက် “အမှောင်ထဲက သူရဲကောင်းတဦး” ပါလားလို့ မှတ်ချက်ပေးမိကြမှာပါ...
ရာသီဥတုဖောက်ပြန်ပြီး လယ်လုပ်ဖို့ ရေမရ၊ ပြောင်းဖူးစိုက်လို့ အဆင်မပြေမှုတွေက ဦးစိုးရယ်တို့လို တောင်သူတွေအတွက် အတိ ဒုက္ခရောက်နေရပါတယ်။
မိုးမရွာတော့ ပြောင်းဖူးတွေက အပင် မပေါက်လာသလို၊ ပေါက်လာတော့လဲ မကြီးထွားနိုင်ဘဲ ညိုပြာ ငြိုးနွမ်းနေပါတယ်။
တချို့တတ်နိုင်တဲ့လူတွေက ထပ်ခါထပ်ခါ ပြန်ထွန်ယက်ပြီး ပြန်စိုက်ပျိုးကြပေမဲ့ အများအားဖြင့် ဦးစိုးရယ်တို့လို မိသားစုတွေက တခါထွန်ဖို့ စက်ခ၊ ကုမ္ပဏီက ထုတ်လုပ်တဲ့ ပြောင်းဖူးမျိုးစေ့ဖိုးနဲ့ မြေသြဇာဖိုးတို့အတွက် အနိုင်နိုင် ဖြစ်နေကြသလို၊ တချို့ဆိုရင် အကြွေးတွေနဲ့ ဖြစ်နေပါတယ်။ ဦးစိုးရယ်မှာ ပညာသင်နေတဲ့ သားသမီးရတနာတွေလဲ ရှိနေပါသေးတယ်။
ဒီလို စိုက်ပျိုးရေး အဆင်မပြေမှုတွေအတိုင်း ဆက်သွားမယ်ဆိုရင် ဦးစိုးရယ်တို့လို မိသားစုတွေအတွက်တော့ မတွေးဝံ့စရာပါ။
မည်သူမျှ မိမိစပါးကျီထဲက စပါးကုန်တဲ့အထိ အခိုက်သင့်သလို မထိုင်စားဝ့ံကြပါဘူး.... လတ်တလော စားဝတ်နေရေး ပြဿနာ ဖြေရှင်းဖို့ ဦးစိုးရယ်တို့ ရွာက လူတချို့ဟာ ကျောက်ထု(ခွဲ)၊ ကတ္တရာလမ်းခင်းတဲ့ လုပ်ငန်းခွင်တွေမှာ နေ့စားအလုပ်နဲ့ ဝင်လုပ်ကြတဲ့လူရှိသလို၊ တချို့နွားလှည်း ရှိတဲ့သူတွေလဲ သစ်ခုတ်ဖို့ စဉ်းစားလာကြပါတယ်။
ရာသီဥတု ဖေါက်ပြန်ခြင်းတွေက သစ်တော ပြုန်းတီးမှုများကြောင့် ဆိုတဲ့ အခြေခံသဘောတရားလေးကို ဦးစိုးရယ်တို့ ရွာသူရွာသားတွေ နားလည်ထားကြသလို သူတို့ ရွာအနီးမှာဆိုရင် ဧက ရာကျော်လောက်ရှိတဲ့ ကျေးရွာပိုင် တားမြစ် သစ်တောဝိုင်းလေးလဲ ရှိပါတယ်။
တချို့ရွာသားတွေက မိမိတို့ အိမ်များ ပြန်လည် ပြုပြင်၊ ဆောက်လုပ်ဖို့အတွက် သစ်ခုတ်ကြသလို၊ တချို့ ကြတော့လည်း မိသားစုအတွက် ဝမ်းရေးပြဿနာ ဖြေရှင်းဖို့ ခုတ်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သစ်ခုတ်ဖို့ ဆိုတာလည်း ပြောသလောက် မလွယ်တဲ့ အခြေအနေတွေလဲ ရှိနေပြန်ပါတယ်။
ဦးစိုးရယ်တို့ဟာ မနက်မိုးမလင်းခင် အစောကြီး ထသွားပေမဲ့ သစ်ခုတ်နိုင်တဲ့ နေရာကို မိုးချုပ်မှ ရောက်နိုင်တဲ့အတွက် သစ်တလုံးရဖို့ အနည်းဆုံး နှစ်ရက်သုံးရက်လောက် အချိန်ယူရပါတယ်။ လမ်းခရီးတဝက်လောက်ဟာ သစ်လုံးကို နွားနဲ့ဆွဲရပြီး ခရီးတဝက်လောက်သာ လှည်းနဲ့ တင်နိုင်တာပါ။
ဒီထက် သူတို့တွေအတွက် ပိုကြောက်စရာကောင်းတဲ့ စိန်ခေါ်မှုတခုက သစ်ခုတ်တဲ့လူတွေကို လိုက်ဖမ်းတာဘဲ ဖြစ်ပါတယ်။
ဦးစိုးရယ်တို့ သစ်တွေခုတ်ဖို့ ညဖက်တွေမှာ တိတ်တဆိတ် ခိုးထွက်သွားနိုင်ပေမဲ့ တောထဲမှာ သစ်ခုတ်တာလိုက်ဖမ်းတဲ့ တပ်တွေနဲ့တွေ့ရင် နွားသိမ်း၊ လှည်းဖျက်၊ ဒါဏ်ငွေထိမှာနဲ့ ဦးစိုးရယ်တို့ သားမယားတွေလဲ နောက်ဆံတင်းနေရပါတယ်။
သစ်ထုတ်လုပ်ငန်းနဲ့ပါတ်သက်ပြီး နိုင်ငံတော်အစိုးရမှ တန်ဖိုးကြီးတဲ့ ကျွန်းသစ်နဲ့သစ်မာများ မခုတ်ရန် ပိတ်ပင်ထားပေမယ့်လို့ ကယားပြည်နယ် ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ့၊ ရွာသစ်နဲ့ ရှားတောဒေသဘက်က စီးပွားဖြစ် သစ်တောထုတ်လုပ်ငန်းများမှာ ပိတ်ပင်ထားတဲ့ သစ်မာတွေကို လွိုင်ကော်ဘက်သို့ တင်ပို့နေတာကို တွေ့နေရပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်ကလည်း အစိုးရနဲ့အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးတဲ့နောက် စီးပွားဖြစ်သစ်ထုတ်လုပ်ငန်းများမှာ သစ်တွေကို ပရမ်းပတာ ထုတ်နေပြီး၊ ရာသီဥတု ဖေါက်ပြန်မှုတွေရှိနေတာကို အကြောင်းပြုပြီး သစ်ခုတ်မှုများနဲ့ ပါတ်သက်ပြီး ပိတ်ပင်တားဆီးမှုတွေထပ် လုပ်ပြန်ပါတယ်။
“လောလောဆယ်တော့ အကုန်လုံး ပိတ်ပင်ရတော့မယ် အရင်တုန်းကဆို တန်ဖိုးကြီးတဲ့ ကျွန်းတို့၊ သစ်မာတို့ ပိတ်တယ်လို့ ပြောတယ် ဒါပေမဲ့ အခုနောက်ပိုင်းက သစ်မာတို့ မရှိတော့တဲ့ နောက်ပိုင်းတော့ ရှိတဲ့သစ်တွေ သူတို့ အကုန်လုံးထုတ်တာဘဲ အမျိုးမျိုးပေါ့နော...” လို့ KNPP အမှတ် ၃ ခရိုင် ဒုအုပ်ချုပ်ရေးမှူး ရီးချက်က ပြောပါတယ်။
မိသားစု စားဝတ်နေရေးအတွက်၊ မိမိတို့ အိမ်ယာတွေ ပြန်လည် ပြုပြင်၊ တည်ဆောက်ဖို့အတွက် ဦးစိုးရယ်တို့လို ရွာသားတွေက မရှိမဲ့ ရှိမဲ့ နွားနဲ့လှည်းကို ပုံပြီး အခက်ခဲတွေကြားက ရုန်းကန်နေကြရပေမဲ့ ဦးစိုးရယ်တို့ ရွာနဲ့ မနီးမဝေး ဖရူဆို-လွိုင်ကော် လမ်းမကြီးပေါ်မှာတော့ ဧရာမ သစ်တုံးကြီးတွေဖြစ်တဲ့ ကျွန်း၊ သစ်မာ စတဲ့ တန်ဖိုးမနည်းတဲ့ သစ်လုံးရှည်ကြီးတွေက ၂၂ ဘီးကားတွေနဲ့အပြည့် သယ်ထုတ်သွားတာ နာရီနဲ့ အမျှပါဘဲ...
ကားပေါ်က သစ်တုံးကြီးတစ်တုံးဟာ ဦးစိုးရယ်တို့မိသားစု ကြံုတွေ့နေရတဲ့ မိသားစု စားဝတ်နေရေးပြဿနာကို မပြောပနိုင်တဲ့ အတိုင်းအတာအထိ ပြေလည်စေနိုင်သလို၊ ရွာသားတချို့ မိမိတို့အိမ်ယာတွေ ပြုပြင်တည် ဆောက်ဖို့ လိုအပ်နေတဲ့ အခက်အခဲတွေကိုလည်း များစွာ ဖြေရှင်းပေးနိုင်ပါတယ်။
ဦးစိုးရယ်တို့ဟာ ဒီအရပ်မှာမွေး ဒီဒေသမှာ နေထိုင်နေတယ်ဆိုပေမဲ့ ဒီပြည်နယ်က ထွက်လာတဲ့ သံယာဇာတတွေကို လိုအပ်တိုင်း ထုတ်ယူ သုံးစွဲခွင့်မရဘဲ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဒီအရင်းအမြစ်တွေ ဒီနေရာက တရွေ့ရွေ့ထွက်သွားနေတာကို ငေးမောကြည့် ရုံနိုင်တာကလွဲလို့ ဘာမှ ဖွင့်ဟပြောဆိုပိုင်ခွင့် မရှိရှာဘူး။
ဦးစိုးရယ်တို့လို ဒေသခံတွေဟာ ကိုယ့်အရပ်ဒေသမှာရှိ၊ ကိုယ့််အရပ်ဒေသမှာထွက်တဲ့ ဒီသံယာဇာတတွေနဲ့ ကြိမ်စာသင့်ထားတဲ့ အလား မဟုတ်ပါလား။