စာနယ်ဇင်းသမားများ ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဦးဌေးဦးတို့နှင့် သြဂုတ် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးတို့ တစ်ကြိမ် တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ကြိမ် သီးခြားစီတွေ့ဆုံကြခြင်း ဖြစ်သည်။
ယင်းသို့တွေ့ဆုံမှုများတွင် သတင်းမီဒီယာဥပဒေမူကြမ်း ရေးဆွဲရသည့် ရည်ရွယ်ချက်၊ စာနယ်ဇင်းသမားများ ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေမူကြမ်းအပေါ် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာနယ်ဇင်းသ မားများအကြား သဘောထားကွဲလွဲချက်များကို စာနယ်ဇင်းကောင်စီဘက်မှ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး သတင်းမီဒီယာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသူရရွှေမန်းတို့ ဘက်မှ သီးခြားမှတ်ချက်ပေးခဲဲ့ခြင်းမရှိဟု သွားရောက်ဆွေးနွေးခဲ့သူ ဦးကျော်မင်းဆွေက ပြောသည်။
ယင်းသို့ ဆွေးနွေးပြီးနောက် ဥပဒေအတွက် ယုံကြည်မှုပိုရှိလာသည်ဟုလည်း ဦးကျော်မင်းဆွေက ပြောသည်။
၎င်းက“သတင်းမီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီအတွက် သတင်းထောက်တွေအတွက် သက်သက်ရေးဆွဲထားတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအကျိုးအတွက် ရေးဆွဲထားတာပါလို့ ကျွန် တော်တို့ စာနယ်ဇင်းကောင်စီက ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံး အကျိုးအတွက်ဆိုတဲ့ အချက်မှန်ရင် လွှတ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ယူဆ ရင် သူ့ဘက်က လွှတ်တော်ကိုယ်စားလှယ် တွေကလဲ ထောက်ခံဆွေးနွေးကြမှာပါလို့ ပြည်ထောင်စုလွှတ် တော်နာယက ဦးသူရရွှေမန်းက ပြန်လည်ဆွးနွေးခဲ့ ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် ဦးကျော်မင်းဆွေက “လွှတ်တော် နှစ်ရပ်လုံးမှာရှိ တဲ့ NLDပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံဆွေးနွေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလဲ ပါတီဝင်တွေ အားလုံးကို သူတို့ရဲ့ သဘော ဆန္ဒနဲ့လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးမှာ ပါလို့ လိုလိုလားလား စိတ်ပါ၀င်စားစွာ လက်ခံဆွေးနွေးခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးသူရရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးရတဲ့အတွက် စာနယ်ဇင်းကောင်စီအနေနဲ့ ဥပဒေအတွက်လဲ ယုံကြည်မှု ပိုရှိလာပါတယ်”ဟု ပြောသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးမှုများအတွက် စာနယ်ဇင်းကောင်စီအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံနိုင်ရန် စီစဉ် နေသည်ဟု သိရသည်။