သိမ်းယူထားသော ကားများကို ဘုန်းကြီးကျောင်းသို့ ပြန်ပေးရန် အစီအစဉ်ရှိ

သိမ်းယူထားသော ကားများကို ဘုန်းကြီးကျောင်းသို့ ပြန်ပေးရန် အစီအစဉ်ရှိ
by -
ကွန်းဟဒေ့
နအဖမှ ၂၀၀၄ ခုနှစ်တွင် သိမ်းယူထားသော လိုင်စင်မဲ့ကားများထဲတွင် ဘုန်းကြီးကျောင်း ကားများလည်း အများအပြား ပါဝင်ရာ ဘုန်းကြီးကျောင်းပိုင် ကားများကို သက်ဆိုင်ရာ ဘုန်းကြီးကျောင်းထံသို့ ပြန်ပေးရန် အစီအစဉ် ရှိသည်ဟု စရဖ အဆင့်မြင့်အရာရှိ တစ်ဦးမှ ကျောင်းထိုင် ဆရာတော်တစ်ပါးကို ...

နအဖမှ ၂၀၀၄ ခုနှစ်တွင် သိမ်းယူထားသော လိုင်စင်မဲ့ကားများထဲတွင် ဘုန်းကြီးကျောင်း ကားများလည်း အများအပြားပါဝင်ရာ ဘုန်းကြီးကျောင်းပိုင် ကားများကိို သက်ဆိုင်ရာ ဘုန်းကြီးကျောင်းထံသို့ ပြန်ပေးရန် အစီအစဉ်ရှိသည်ဟု စရဖ အဆင့်မြင့်အရာရှိ တစ်ဦးမှ ကျောင်းထိုင် ဆရာတော်တစ်ပါးကို ပြောပြခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သူတစ်ဦးမှ သိရသည်။

“ပေးဖို့ရှိတယ်လို့ပဲ ပြောသံကြားတယ်၊ ဘယ်အချိန်ပေးမှာကိုတော့ ပြောမထားဘူး” ဟု ဆရာတော် မှ ဆက်ပြောသည်။

သိမ်းယူထားသော ကားများကို ပြန်ပေးမည့်အစီအစဉ်ရှိသည်ကို လွန်ခဲ့သော တလခန့်က ပြောကြားခဲ့သော်လည်း ယနေ့တိုင် မရရှိသေးပေ။ပြန်ပေးရန်တွင်လည်း ကားအသိမ်းခံရသော ဘုန်းကြီးကျောင်းအားလုံးကို ပေးမည်မဟုတ်ဘဲ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းများကိုသာ ဦးဆုံး ရွေးချယ်ပေးမည်ဖြစ်ပြီး နောင်တွင် အခြေအနေအပေါ် မူတည်၍ ကျန်ရှိသော ဘုန်းကြီးကျောင်းများကို ဆက်လက် ပေးသွားမည်ဟုလည်း ဆရာတော်နှင့်နီးစပ်သူက ၄င်းကြားသိခဲ့ရသည့်အတိုင်း ပြောပြခဲ့သည်။  

“အခြေအနေဆိုတာက ဒီကျောင်းတွေကို ပေးလို့ ကျန်တဲ့ကျောင်းတွေက တောင်းခံလာလို့ရှိရင် သူတို့ကိုပြန်ပြီးတော့ ဆက်ပေးသွားမယ်လို့ ကြားတယ်” ဟု ပြောသည်။

ကားပေးရန်ရှိသည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဆရာတော်တစ်ပါးမှ ၄င်း၏အမြင်ကို ဤကဲ့သို့ ပြောပြခဲ့သည်။ “၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမရောက်ခင် ဒီ ၂၀၀၉ ခုနှစ်မှာ ဘုန်းကြီးတွေ စက်တင်ဘာလတုန်းကလို ဆန္ဒပြမှာစိုးလို့ စည်းရုံးတဲ့အနေနဲ့ သူတို့ပေးဖို့စီစဉ်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဤကဲ့သို့ အစိုးရမှ ကားများကို ပေးရန်အစီအစဉ် ရှိခြင်းမှာ လာမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ၄င်းတို့အား ထောက်ခံရန် စည်းရုံးခြင်းဖြစ်နိုင်သည်ဟု ဤအကြောင်းကို ကြားသိခဲ့ရသော သံဃာတော်များက သုံးသပ်ခဲ့ကြသည်။

သိမ်းယူထားသော လိုင်စင်မဲ့မော်တော်ကားများကို စာသင်တိုက်အတွက် သက်သက်ပေးခြင်းလား သို့မဟုတ် လှူဒါန်းခြင်းလားဆိုတာကို မြန်မာအာဏာပိုင်တို့မှ တိတိကျကျ ပြောဆိုထားခြင်းမရှိသေးပေ။တခြားဆရာတော်တစ်ဦးကလည်း “ပေးမယ်လို့ ကောလဟလသတင်းတွေကို ကြားတော့ကြား တာပဲ၊ ဒါပေမယ့် ဖြစ်နိုင်မယ်လို့ မထင်ဘူး၊ သိတဲ့အတိုင်းပဲလေ အစိုးရတွေက အလကားဆို ဘာမှပေးချင်ကြတာမဟုတ်ဘူး၊ ကျောင်းဆောက်ဖို့ ဘိလပ်မြေတောင် တော်တော်ပြောယူရတယ်” ဟု ပြောသည်။

၂၀၀၄ ခုနှစ် လိုင်စင်မဲ့မော်တော်ကားများသိမ်းယူစဉ်တွင် ဘုန်းကြီးကျောင်းမှ မော်တော်ကားများ လည်း မြန်မာအာဏာပိုင်တို့ သိမ်းယူသည့်အထဲတွင် ပါဝင်ခဲ့သည်။ သို့သော် ဘုန်းကြီးကျောင်းမှ သိမ်းယူထားသော လိုင်စင်မဲ့ မော်တော်ကားများကို ၄င်းအာဏာပိုင်တို့မှ တစုံတရာ ပြုလုပ်ခြင်းမရှိ ဘဲ နဂိုမူလအတိုင်း သိမ်းထားခဲ့သည်။

Most read this week