ရဲတပ်သားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားတစ်စီးကဝင်တိုက်မိသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၂ ရက်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ယာဉ်တိုက်မှုသည် သာကေတမြို့နယ်ရှိ မြင်တော်သာမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်သား၏ ဆိုင်ကယ်ကို တိုက်သွားသည့်ကားမှာ အဖြူရောင် ဘင်ကားတစ်စီးဖြစ်ပြီး တိုက်မိပြီးနောက် ထွက်ပြေးသွားသည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ကားတိုက်ခံရသည့် အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ကျော်လင်းထွန်းသည် ပွန်းပဲ့ဒဏ်ရာများနှင့် ၀ဲရင်အုံ နာကျင်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခံခဲ့ရသည်ဟုလည်း ဆိုသည်။
တိုက်သွားသည့်ကားကို ရဲတပ်သားကမမှတ်မိလိုက်သဖြင့် လက်ရှိတွင် လိုက်လံစုံစမ်းနေဆဲဖြစ်သည်ဟုလည်း သိရသည်။
ယခုအမှုကို ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်မင်းနောင်က တရားလိုပြုလုပ် တိုင်တန်းထားပြီး သာကေတ ရဲစခန်းက အမှုအမှတ်ယာဉ် (ပ)၁၂/၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူ ယာဉ်မောင်းကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ များဖြင့် တရားစွဲမည်ဟု ရဲစခန်းက ထုတ်ပြန်သည်။
ရန်ကုန်မြို့နယ်နိမိတ်အတွင်းတွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ၀န်ထမ်းများအတွက် ဆိုင်ကယ်စီး အချို့မှအပ အခြားသူများ စီးနင်းခွင့်မရှိပေ။