တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ အဆိုပြုချက် အတိုင်း အစိုးရ ဘက်မှ လိုက်နာဆောင်ရွက် ပေးနိုင်ခြင်း မရှိသေး သောကြောင့် သတ်မှတ်ရက်တွင် အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးနိုင်မည် မဟုတ်သေးကြောင်း TNLA ၏ အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။
“ကျနော်တို့ ဖက်က တင်ပြထားတဲ့ အချက်တွေကို အစိုးရ ဖက်က လိုက်နာပေးမှသာ အပစ်ရပ်ရေး ကိစ္စ လက်မှတ်ထိုး နိုင်မှာပါဗျ။ အခုတော့ ယုံကြည်လောက်တဲ့ အနေအထား မရောက်သေးလို့ပြန်မတွေ့နိုင်တာပါ” ဟု ဆိုပါသည်။
အစိုးရ ကိုယ်စားလှယ်များ၏ အဆိုပြုချက် အရ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၁၀ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်မြို့၌ ကျင်းပရန် သတ်မှတ်ထားသည်။ ဤအတောအတွင်း ယုံကြည်မှုများ တည်ဆောက်နိုင်ရန် အတွက် နှစ်ဖက် လက်နက်ကိုင် ပဋိပက္ခများလျှော့ချရန်နှင့် ၈ မြို့နယ် အတွင်းရှိ အစိုးရ တပ်ဖွဲ့တို့များ မူလ တပ်ရင်း နေရာသို့ ရုပ်သိမ်း ပေးရန်TNLA ဘက်က တင်ပြ တောင်းဆို ထားပါသည်။ ဤအချက်ကို ၁၀ ရက် အတွင်း အပြီးသတ် ဆောင်ရွက်ပေးရန် အဆိုပြု ထားပါသည်။
တောင်းဆိုထားသည့် အတိုင်း ယနေ့အထိ ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် တွေ့ဆုံ ဆွေးနွေးရေး ကိုလည်း သတ်မှတ်ရက်တွင် မကျင်းပ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရသည် စတိသဘော အနေဖြင့် သြဂုတ်လ ဆန်းပိုင်းတွင် နမ့်ဆန်မြို့နယ် အွည်လောကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ တပ်စွဲ ထားသည့် မန်တုံမြို့ အခြေစိုက် ခလရ ၁၃၀ တပ်ရင်းမှ အင်အား ၅၀ ခန့် ရှိသည့် တပ်ဖွဲ့ကိုမူလ တပ်ရင်းသို့ဆုတ်ခွာ စေခဲ့သည်ဟု ဆိုပါသည်။
သို့သော်တအာင်း တပ်ဖွဲ့စခန်းများ အနီးတွင် တပ်စွဲထားသည့် နေရာများ ဖြစ်သော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် များမှ အစိုးရ တပ်ဖွဲ့များကိုမူ နဂိုအတိုင်း တပ်စွဲထားပြီး စစ်ရေးအရ ဆက်လက် လှုပ်ရှားနေဆဲ ရှိသည်ဟု တာဘုန်းကျော်က ဆိုပါသည်။
“အဲဒီ တနေရာထဲ ဆုတ်တာကို တိုးတက်မှုလို့ ပြောလို့ မရပါဘူး။ စစ်ရေး လှုပ်ရှားမှုတွေက ရှိနေဆဲပါဘဲ။ ဒါပေမဲ့ နှစ်ဖက်တွေ့ဆုံပွဲပြီးတဲ့ နောက်ပိုင်းမှာတိုက်ပွဲတွေ မဖြစ်အောင်တော့ အစိုးရဘက်က ထိန်းထားတာနဲ့တူပါတယ်။ တိုက်ပွဲတော့ မဖြစ်ခဲ့ဘူး။ ဒါကြောင့် တိုက်ပွဲမဖြစ်တဲ့ အတွက် တိုးတက်မှု တစ်ခုလို့ ပြောရင်တော့ရနိုင်ပါတယ်” ဟုဆိုပါသည်။
ပြီးခဲ့သည့် ဇူလိုင် (၃၁) ရက်နေ့တွင် ကျင်းပသည့် မူဆယ် ဆွေးနွေးပွဲ အပြီး၌ TNLA ဒေသသို့ တပ်ရင်း (၃) ရင်း ထပ်မံ အင်အား တိုးချဲ့ထားပါသည်။ ဤကဲ့သို့ အင်အား တိုးချဲ့ထားပြီးမှ ယမန်နေ့က အင်အား (၅၀) ခန့် ဆုတ်ခွာသကဲ့သို့ လုပ်နေသော်လည်း ယင်းနေရာတွင် ၀င်ချီ ထွက်ချီ လှုပ်ရှားနေပြန်ကြောင်း ဆိုပါသည်။
ဤသို့သော အခြေအနေကြောင့် TNLA သည် အစိုးရ ကိုယ်စားလှယ်များ သတ်မှတ် ထားသည့် သြဂုတ်လ (၁၀) ရက်နေ့ အတွင်း တွေ့ဆုံမှု၌ အစီအစဉ် ရွှေ့ဆိုင်း ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များသည် TNLA အဖွဲ့နှင့် နှစ်ကြိမ်တိုင် ဆွေးနွေး ခဲ့ကြပါသည်။ ပထမ အကြိမ် အလွတ်သဘော တွေ့ဆုံပွဲကို ပြီးခဲ့သည့်၂၀၁၂ခုနှစ်နိုဝင် ဘာလ (၁၀) ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ဤအချိန်မှ စပြီး TNLA ဒေသ၌ စစ်ဆင်နေခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲ အချိန်အထိ အဆက်မပြတ် အတိုက်ခိုက်ခံခဲ့ရပါသည်။