ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ဖြစ်စဉ် များနှင့် နိုင်ငံရေး အရ ဆွေးနွေး နေသည့် ကိစ္စများ အပေါ် ကရင် လူမှု အဖွဲ့အစည်း များအား ၁၀ ရက်နေ့ မနက်ပိုင်းတွင် အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်ဟု ပြောခွင့် ရှိသူ KNU ဗဟို စည်းရုံးရေး ဌာနမှူး ပဒို စောလှထွန်းက ဆိုပါသည်။
“မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိ မဲဆောက် နယ်စပ် တနေရာမှာ ကျင်းပတယ်။ CBO (၁၉) ဖွဲ့ကနေ လူပေါင်း (၅၀) လောက် တက်ပါတယ်။ အဓိက ကတော့ ပွင့်လင်းမြင်သာမှု ရှိပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ ရလာဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
ယင်းဆွေးနွေးပွဲတွင် KNU ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် နိုင်ငံရေး လုပ်ငန်းစဉ် တွေကို တင်ပြ ခဲ့ပါသည်။ ထို့အပြင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေနှင့် KNU ၏ လုပ်ဆောင်ချက် များကိုပါ ရှင်းလင်း တင်ပြ ခဲ့ကြောင်း ဆိုပါသည်။
အထူးသဖြင့် KNU မှ အကောင်အထည် ဖေါ်နေသည့် နိုင်ငံရေး မူဘောင်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များထဲမှ ကရင့် လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သင့်သော လုပ်ဟန်ပိုင်းများကို တင်ပြခဲ့ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေသည့် လုပ်ငန်း များကို အမြင် ဖလှယ်ရာတွင် အားရ ကျေနပ်ဖွယ် ရှိစေသည်ဟု ဆိုပါသည်။
ကရင်လူမှု အဖွဲ့အစည်းများ ကလည်း KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ခရီးစဉ် အဆင့်ဆင့်များ၊ KNU ၏Court of conduct အဆင့်ဆင့် ရေးဆွဲခြင်း ဆိုင်ရာများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စများနှင့် ဒုက္ခသည် ပြန်ပို့ရေး ကိစ္စများကို အဓိကထား မေးမြန်း ခဲ့ပါသည်။
KNU သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ကရင့် လူမှု အဖွဲ့အစည်း များ၏ ပူးပေါင်းမှု လိုအပ်ကြောင်း၊ ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေး ကိစ္စတွင်လည်း သတင်း အချက်အလက် ရယူရေး ကော်မတီ တစ်ရပ်ကို ဖွဲ့ထားပြီး အချက်အလက်မှန် ရရှိရေးကို ဆောင်ရွက် နေကြောင်း။ ထို့အပြင် KNU ဒေသ ဆိုင်ရာ အဖွဲ့များနှင့် ကရင် လူမှု အဖွဲ့စည်းများ တွေ့ဆုံပြီး အမြင်ဖလှယ်ပွဲ ကျင်းပရန် ရှိနေကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ရှင်းပြ ခဲ့ပါသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ကရင် လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့မှ မည်သို့ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုသည်ကို ဆွေးနွေးရန် ရှိနေကြောင်း။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စကို အမျိုးသားရေး တာဝန် တရပ် အနေနှင့် ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
ဤကဲ့သို့ အပြန်အလှန် တွေ့ဆုံဆွေးနွေး ခဲ့ခြင်း အားဖြင့် KNU နှင့် လူမှု အဖွဲ့အစည်းကြား ၊ ကရင် အချင်းချင်း ကြားတွင် ပိုမိုနားလည်မှု ရှိလာသလို ရည်ရွယ်ချက် တူသော လုပ်ငန်းများ အပေါ်၌ အတူ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်မည့် အခွင့်အလမ်းများ ရရှိလာခဲ့ပါသည်။
ယင်းဆွေးနွေးပွဲကို KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ဦးဆောင်ပြီး KNU ဗဟို အလုပ် အမှုဆောင်ပဒို သာဒို့မူး၊ ပဒိုစောကအယ်ကလူစေးနှင့် စောတာမူလာတို့ တက်ရောက် ခဲ့ပြီး ဦးဆောင် ဆွေးနွေး ခဲ့ပါသည်။ ကရင် လူမှု အဖွဲ့များမှ အထူးသဖြင့် CBO များ၊ ကရင် လူငယ် အဖွဲ့များ၊ ကရင် မီဒီယာ အဖွဲ့နှင့် နိုင်ငံရေး စိတ်ဝင်စားသူများ တက်ရောက် ခဲ့ပါသည်။
ဤကဲ့သို့သော အစီအစဉ်မျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရန် KNU သည် တခြား ဒေသများရှိ ကရင် ရေးရာ လူမှု အဖွဲ့များနှင့် ထပ်မံ ကျင်းပသွားရန် ရည်ရွယ် ထားပါသည်။