တိုင်းနှင့်ပြည်နယ်အားလုံးထက် နေပြည်တော်ဖွံ့ဖြိုး တိုးတက်မှုနှုန်းသာလွန်နေ ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းမှုကော်မတီဆို

တိုင်းနှင့်ပြည်နယ်အားလုံးထက် နေပြည်တော်ဖွံ့ဖြိုး တိုးတက်မှုနှုန်းသာလွန်နေ ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းမှုကော်မတီဆို
by -
မဇ္ဈိမ

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းနှင့်ပြည်နယ်အလိုက်ဖွံ့ဖြိုးမှုနှုန်းတွင် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အခြားသော တိုင်းဒေ သကြီးနှင့် ပြည်နယ်များထက် ပိုမိုသာလွန်လျှက်ရှိကြောင်း ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းမှုကော်မတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြက ပြောသည်။

အဆိုပါ အကြောင်းအရာကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သြဂုတ်လ ၈ ရက်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် (အောက်တိုဘာလမှ မတ်လထိ) အတွက် အမျိုးသား စီမံကိန်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အကောင်အထည် ဖော်မှု အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်းတွင် ယင်းသို့ပြောခြင်း ဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အဆိုးဆုံး အခြေအနေတွင်ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ဖွ့ံဖြိုးတိုးတက်မှု ရာခိုင်နှုန်းကို ရာခိုင်နှုန်းပြည့်မီအောင် မဆောင် ရွက်နိုင်ကြောင်း ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိ်ုင်းဒေသကြီးတို့မှာ ခန့်မှန်းထားသည့် ရာခိုင်း နှုန်းထက်ကျော်လွန်ခဲ့သော်လည်း နေပြည်တော်မှာ အထူးပင်သာလွန်ကျော်လွန်လျက်ရှိကြောင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြက ဆိုသည်။

ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းမှုကော်မတီက ဆက်လက်၍ ပြောရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မျှတစေရန် အလေးထားသင့်ကြောင်း ထောက်ပြ ပြောသည်။

ထို့အပြင် တင်ပြလာသော တိုင်းနှင့် ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာသည် လေ့လာရန်အတွက် မပြီးပြည့်စုံကြောင်း၊ အစီရင်ခံစာက ခြောက်လတစ်ကြိမ်တင်ပြရာတွင်နှစ်လထက် နောက်မကျသင့်ကြောင်း၊ ပထမ အစီရင်ခံစာကို နိုဝင်ဘာလအထိ နောက်ဆုံးထား၍ ပေးသင့်ကြောင်း၊ ဒုတိယ အစီရင်ခံစာကို တင်ပြရာတွင်လည်းမေလ နောက်ဆုံးထားသင့်ကြောင်း ၎င်းကဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒုတိယအပတ် တိုင်းနှင့်ပြည်နယ်ဆိုင်ရာ ဌာနများနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေ များကို ဖော်ပြရာတွင် မပြီးပြည့်စုံသောကြောင့် နောက်ထပ်တင်ပြရာတွင် ယင်းအချက်အလက်များ ပါ၀င်ဆွေးနွေး သင့်ကြောင်း ၎င်းက ဆက်ပြောသည်။