ရှစ်လေးလုံး ငွေရတုပွဲ အထိမ်းအမှတ် ဒုတိယနေ့အဖြစ် တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက်တွင် ကျင်းပရာ အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများပေးပို့ခဲ့ပြီး ကဗျာဆရာကြီး ဒဂုန်တာရာကလည်း သဝဏ်လွှာ ပို့ခဲ့သည်။
သဝဏ်လွှာများကို ရဟန်းပျိုအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရလလဖ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ ပေးပို့ကြပြီး ယင်းသဝဏ်လွှာများကို ဖတ်ကြားသည်။
ဆရာကြီးဒဂုန်တာရာ၏ ရှမ်းပြည်နယ် ၈၈ ငွေရတုပွဲအတွက်ပေးပို့သော သဝဏ်လွှာတွင် “ရှစ်လေးလုံး အရေးတော်ပုံကြီးကို ကျွန်တော် သတိရနေပါတယ်။ ကျွန်တော်က အရေးတော်ပုံ အောင်ပါစေလို့ ဆုတောင်းပေးလေ့ ရှိပါတယ်။ အရေးတော်ပုံ၏ အသီးအပွင့်အဖြစ် လူငယ်မျိုးဆက်သစ်တွေ ခေါင်းဆောင်သစ် တွေကို အခု လိုတွေ့နေ ရ၍ ၀မ်းသာပါတယ်” ဟု ပါ၀င်သည်။
နံနက် ကိုးနာရီတွင် ကျင်းပသည့် ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူ၊ ပြည်သူများ၊ကျောင်းသားများအား လေးစား ဂုဏ်ပြုသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက် လာသူများ အားလုံး တစ်မိနစ် ငြိမ်သက်ကြသည်။
ဒုတိယနေ့ အခမ်းအနားတွင် ၈၈ ခုနှစ်က ကိုယ်တိုင်ပါ၀င်ခဲ့သူ ကိုကျော်ကျော်လင်းက “၈၈ အရေးတော်ပုံဟာ နိုင်ငံရေးစိတ်ဓာတ် အပြည့်ဖြင့် လူတိုင်းပါ၀င်ခဲ့တာဖြစ်တယ်၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုဆိုတဲ့နိုင်ငံရေး စကားတွေ ကျွန်တော်တို့ ကျောင်းသား လူငယ်အရွယ်က မသုံးတတ်ခဲ့ပေမယ့်လည်း ယနေ့ ပြန်စဉ်းစားတော့ သည် အခွင့်အရေးတွေ အတွက် ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်၊ သည်လို ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ အာဏာရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်၊ သည်နေ့အချိန်မှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ လမ်းကြောင်းပေါ် တဖြည်းဖြည်း ရောက်လာလို့ ၀မ်းသာပါတယ်”ဟု ဆိုသည်။
ငွေရတုပွဲ ကျင်းပခြင်းနှင့် ပတ်သတ်ပြီး ၈၈ ကာလကို ဖြတ်သန်းခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက “ပျော်ရွှင်လို့ ၈၈ ငွေရတုပွဲ လုပ်တာမဟုတ်ဘူး၊ အံကြိတ်လို့ လုပ်တာလည်း မဟုတ်ဘူး၊ ကိုယ်ရည်ကိုယ်သွေးပြသဖို့ လုပ်ခြင်းလည်းမဟုတ်ဘူး၊ ၈၈ ကာလမှာ ကျဆုံးသွားခဲ့တဲ့ ၈၈တိုက်ပွဲကို ဆင်နွှဲခဲ့ သူတွေ၊ အညတရ သူရဲကောင်းတွေကို ဂုဏ်ပြုပြီး လုပ်တဲ့ပွဲဖြစ်တယ်”ဟု ပြောသည်။
ယင်းပွဲတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ကျင်းပမည့် လူငယ်အဖွဲ့ကလည်း “ကမ္ဘာမကျေဘူး” သီချင်းကို တက်ရောက်လာသူများနှင့် ၀ိုင်းဝန်းသီဆိုသည်။ သြဂုတ် ၈ ရက်နေ့လယ်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲများ ကိုလည်း ဆက်လက် ဆွေးနွေးခဲ့သည်။