ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာရှိ အထက်တန်းကျောင်းခွဲအတွက် ဂျပန်နိုင်ငံ JGGA (Japan’s Grassroots Grant Assistance) အဖွဲ့အစည်းမှ စာသင်ကျောင်းဆောင်တည် ဆောင်ပေးနေ သည်ဟု သိရသည်။
၄င်းကျောင်းမှာ ယခင်ကတိုးချဲ့တည်ဆောက်ရန် အစီအစဉ်ရှိခဲ့ကြောင်း၊ အစိုးရမှ ထောက်ပံ့မှုပေး နေသော်လည်း အခက်အခဲ ဆက်လက်ကြံုတွေ့နေကြ ရသေးကြောင်း နွားလဝိုးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအုပ် ဆရာဦးမောင်းတင့်က ယခုလိုပြောသည်။
“တွေ့ရတဲ့ အခက်အခဲတွေက ပထမကတော့ စာသင်ခန်း မလုံလောက်ဘူး။ နောက် တခါ ထိုင်ခုံတို့ စာရေးစားပွဲတို့ မပြည့်စုံဘူး။ ဆရာ၊ မတွေအတွက် ပရိဘောဂ မပြည့်စုံဘူး။ အရေးကြီးဆုံးက လျှပ်စစ်မီး မရသေးတဲ့အတွက်ကြောင့် ကျောင်းမှာ ကွန်ပျူတာရှိနေပေမယ့် ကလေးတွေကို ဒီကွန်ပျူတာကိုမသုံးနိုင်သေး ဘူး။ အဲဒီအခက်အခဲတွေ ရင်ဆိုင်ရတယ်” ဟုပြောသည်။
ကျောင်းသားဦးရေ တိုးများလာသည့်အတွက် အထက်တန်းကျောင်းခွဲအဖြစ် ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်သည့် ကျောင်းများတွင် သင်ကြားရေးအထောက်အကူပစ္စည်းများ၊ စာသင်ဆောင်များ နှင့် စာသင်ခုံများ လိုအပ်လျက်ရှိရာ အခက်အခဲရှိသည့်အတွက် ယခုလို တဖက်တလမ်း ကူညီခြင်းဖြစ်ကြောင်း ပြောသည်။
၄င်းကျောင်းတည်ဆောက်ရာမှာ ခန့်မှန်းချေ ကုန်ကျစရိတ် ကျပ်သိန်း(၈၀၀)ကျော် လျာထားပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်တည်ဆောက်မည်ဟု သိရသည်။
JGGA အဖွဲ့အစည်းမှ ယခုလို အထက်တန်းကျောင်းခွဲအဖြစ် တိုးချဲ့လိုက်သည့် ကျောင်းကို နွားလဝိုးကျောင်း သာမက အခြားသောကျောင်းများကိုလည်း ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။