ကယား(ကရင်နီ)ပြည်နယ်တွင် ကျောင်းသားဦးရေ တိုးများလာသည့်အတွက် အထက်တန်းကျောင်းခွဲအဖြစ် ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုက်သည့် ကျောင်းများတွင် သင်ကြားရေးအထောက်အကူပစ္စည်းများ၊ စာသင်ဆောင်များ နှင့် စာသင်ခုံများ လိုအပ်လျက်ရှိသည်ဟု ဒီးမော့ဆိုမြို့ ငွေတောင် အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအောင်က ပြောသည်။
ဆရာမကြီးဒေါ်နီလာအောင်က "ယခုကျမတို့ကျောင်းဟာ အခြေခံပညာအလယ်တန်းကျောင်းမှ အထက်တန်းကျောင်းခွဲ အဆင့်သို့ တိုးမြင့်လာပြီဖြစ်တာကြောင့် ကျောင်းတကျောင်းမှာ… အထက်တန်း ကျောင်းတကျောင်းမှာ ရှိရမယ့် စာသင်ခန်းများအပြင် သရီး ပလက်ဖောင်းအတွက် အခန်းများလည်း လိုအပ်ပါတယ်။ အဆောက်အဦး လိုအပ်ချက်များကို သက်ဆိုင်ရာ မြို့နယ် ပညာရေး၊ ပြည်နယ်ပညာရေး အဆင့်ဆင့်သို့တင်ပြတောင်းခံသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။
ယခင် အထက်တန်းကျောင်းခွဲမဖွင့်လှစ်မီ အချိန်များတွင် ငွေတောင် အလယ်တန်းကျောင်းတွင် ပညာသင်ယူပြီး သွားသော ကျောင်းသူကျောင်းသားများနှင့် ရွားနီးပါတ်ဝန်းကျင် ၁၂ ရွာမှ ကျောင်းသူ ကျောင်းသားများမှာ ဒီးမော့ဆို အထက်တန်းကျောင်းသို့ ပညာသင်ကြားခဲ့ကြရသည်။
ငွေတောင်အထက်တန်းကျောင်းခွဲ မှ ကျောင်းအကျိုးတော်ဆောင် နာယက ဦးမြင့်အောင်က "အရင်ထဲက ဆန္ဒရှိတဲ့နေရာမှာ ဒီ့ထက်မက စောစောလေး ဖွင့်ချင်တဲ့ဆန္ဒလေးရှိပါတယ်။ ကျောင်းက ကြပ်တာတမျိုးရယ်၊ တခါကျောင်းသားတွေက ဒီးမောဆို အ.ထ.က မှာ သွားတက်တဲ့ခါကျတော့ တခြားမလိုလားအပ်တဲ့ ကိစ္စလေးတွေလည်းဖြစ်မှာစိုးလို့ ကိုယ့်မျက်စိရှေ့ အောက်မှာတင်ပဲ အ.ထ.က ကျောင်းရှိရင် ကောင်းမှာပဲလို့ အရင်ကတည်းက ကျောင်းသားမိဘတွေက ဆန္ဒရှိပါတယ်" ဟု ပြောသည်။
ယခုငွေတောင်ရွာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသူကျောင်းသားပေါင်း ၅၆၆ ဦးရှိပြီး နဝမတန်း ကျောင်းသူကျောင်းသား ဦးရေ ၉၂ ဦးကို ဘာသာအတွဲ ၃ခု စီခွဲကာ ဆရာဆရာမ ရ ဦးမှ သင်ကြားပေး လျက်ရှိသည်။
ကယား(ကရင်နီ)ပြည်နယ်တွင် ယခုနှစ် အတွင်း အထက်တန်းကျောင်းခွဲများ ၁၃ကျောင်း ထပ်မံဖွင့်လှစ် လိုက်တာဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ဒီးမောဆိုမြို့နယ် ငွေတောင်ကျေးရွာမှ အလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် အခမ်းအနား ကျင်းပပြုလုပ်သွားခဲ့ကြသည်။