၁၉၈၈ခုနှစ် အထွေထွေ သပိတ်အား ဖြိုခွင်းခြင်း အပေါ် လွတ်လပ်စွာ စုံစမ်း စစ်ဆေးပေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) မှ သြဂုတ်လ ၆ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ သမ္မတအား တိုက်တွန်း ထားပါသည်။
“ လွတ်လပ်သော စုံစမ်း စစ်ဆေးမှုတွေနဲ့ အတူ မျှတတဲ့ တရား ရင်ဆိုင်မှုတွေ ပြုလုပ်နိုင်ဖို့ အတွက်ပါ။ လက်ရှိ အစိုးရ အနေနဲ့ ကလည်း ပြောင်းလဲမှု အမှန်ကို ဆောင်ကြဉ်းပြီး ပြည်သူဘက်က ရပ်ပါ၊ အတိတ်က လူသတ်သမား စစ်အာဏာရှင်တွေ ဘက်က မရပ်တည်ပါနဲ့” ဟု ယနေ့ ထုတ်ပြန်သည့် HRW ၏ကြေငြာချက်၌ အာရှဒေသ ဒါရိုက်တာ ဘရက်အက်ဒမ် (Brad Adams) က ဆိုခဲ့ပါသည်။
ထုတ်ပြန်ချက်အရ အစိုးရ တပ်များသည် ၁၉၈၈ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် အင်အား သုံးပြီး စတင်ပစ်ခတ်ခဲ့ ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ရန်ကုန် အထွေထွေ ဆေးရုံကြီးရှိ အရပ်ဘက် လူနာများကို ကုသမှုပေးနေသည့် ဆရာဝန်များနှင့် သူနာပြုများ သေဆုံး ခဲ့ရပါသည်။ အစိုးရကမူ ယင်းပစ်ခတ်မှုတွင် လူ (၃၅၀) ခန့်သာ သေဆုံးကြောင်း ၄င်းတို့ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။
အရေးအခင်းတွင် လူပေါင်း ထောင်နှင့်ချီပြီး သေဆုံး ဒါဏ်ရာ ရခဲ့သည်ဟု ယုံကြည် နေကြသဖြင့် စုံစမ်းစစ်ဆေးရန် HRW မှ လိုလားနေခြင်း ဖြစ်ပါသည်။ အလားတူ အရေးအခင်း လှုပ်ရှား သူများ ကလည်း၊ ၂၅ နှစ်မြောက် ငွေရတု အခမ်း အနား အတွက် ထုတ်ပြန်သည့် ၄င်းတို့၏ အစီရင်ခံစာ ထဲတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ခြွှင်းချက် မရှိ လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် ကန့်သတ် ထားသည့် ဥပဒေများအား ဖြေလျော့ပေးရေး တို့ကိုလည်း ထပ်မံ တောင်းဆို ထားပါသည်။
HRW သည် ၈၈ အကြမ်းဖက် နှိမ်နှင်းမှု အပါအဝင်၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ရန်ကုန် ကျောင်းသား ဆန္ဒပြမှု၊ ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုနှင့် ၂၀၀၇ ရွှေဝါရောင် ဆန္ဒပြမှု စသည့် အကြမ်းဖက် နှိမ်နှင်း ခဲ့မှုများကိုလည်း အလားတူ အရေးယူပေးရန် တောင်းဆို ထားပါသည်။
“၈၈ ဆန္ဒပြမှုကို လူမဆန်စွာ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ခဲ့ခြင်းက ပြီးခဲ့တဲ့ (၂၅) နှစ် ပတ်လုံး စစ်အစိုးရ အဆက်ဆက် စစ်အုပ်ချုပ်ရေး ကာလရဲ့ အဓိက အဖြစ်အပျက် တစ်ခုဖြစ်ပါတယ်၊ ဒီအကြမ်းဖက် နှိမ်နှင်းမှုကို ကိုင်တွယ် ဖြေရှင်းခြင်း ကလည်း မြန်မာ့ အပြောင်းအလဲကို ပီပြင်အောင် ရှေ့ဆက် သွားဖို့ လိုအပ်တဲ့ အရာဖြစ်ပါတယ်” ဟု ဒါရိုက်တာ ဘရက်အက်ဒမ် (Brad Adams) က ဆိုထား ပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်း ကာလ ပစ်ခတ်မှုများတွင် ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်းမြို ့ စသည့် နေရာများသည် လူပေါင်း ရာချီ သေဆုံးသည့် နေရာဖြစ်ပြီး ပစ်ခတ်မှုများ အနက် ထင်းရှားသည့် နေရာများဖြစ်ပါသည်။
(၁၉၈၈) အရေးအခင်းသည် ဒီမိုကရေစီ ရရှိရေး အတွက် လူထုများ၏ တောင်းဆို ဆန္ဒပြခဲ့သည့် အရေးအခင်း ကြီး ဖြစ်ပါသည်။ ကျောင်းသားများ၊ လူထု လူတန်းစားများ၊ ၀န်ထမ်း ပေါင်းစုံများ ပါသော တစ်နိုင်ငံလုံး အနှံ့ ဆန္ဒပြ ခဲ့ကြပါသည်။ အစိုးရသည် ဤအရေး အခင်း ကြီးအား အကြမ်းဖက် ပစ်ခတ်နည်းဖြင့် ဖြိုခွင်းပြီးနောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (SLORC) မှ အာဏာ သိမ်းခဲ့ပါသည်။