အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ထွက်ခွါ

အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ထွက်ခွါ
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့၌ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ အခြေစိုက် ABSDF မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ ယမန်နေ့ နေ့လည်ပိုင်းက တရုတ်ရွှေလီမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည် ။

ABSDF1ရန်ကုန်မြို့သို့ ထွက်ခွါသည့် ABSDF မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ ယခုလ ၄ ရက်နေ့ တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ် စဲနိုင်ရေး တွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ ABSDF မှ ကိုယ်စားလှယ် ၃၅ ဦး အနက် မြောက်ပိုင်းကိုယ် စားလှယ် ၅ ဦး ပါ၀င်တက်ရောက်ခြင်း ဖြစ်သည် ။

ရန်ကုန်မြို့သို့ ထွက်ခွါသည့် ABSDF မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ

“ယခင် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေတုန်းကတော့ မြောက်ပိုင်းကိုယ်စားလှယ်တွေမပါဘူး။ အခုဆွေးနွေးပွဲကတော့ ပြည်ထောင် စုအဆင့် အရင်ဆွေးနွေးထားတဲ့ အချက်တော်တော်များများကို အစိုးရ ကိုယ်စားလှယ်ဘက်က သဘောတူ ထားတယ်။ အဲဒီကိစ္စတွေ ကိုပဲ ထပ်ဆွေးနွေးမယ်ထင်တယ် ” ဟု မြောက်ပိုင်း ကိုယ်စားလှယ် ခေါင်းဆောင် စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦးက ပြောသည် ။
ABSDF2ရန်ကုန်မြို့သို့ ထွက်ခွါသည့် ABSDF မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ

အဆိုပါ ဆွေးနွေးထားသော အချက်များမှာ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အဆင့်ဟူ၍ အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မငြိစွန်းသည့် အချက်များကို အစိုးရဘက်မှ သဘောတူလက်ခံကြောင်း သိရသည် ။

ယခင်ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်များ၏ လမ်း ခရီး အတွက် တာဝန်  ယူနိုင်ခြင်း မရှိသဖြင့် မြောက်ပိုင်းအဖွဲ့ အနေဖြင့် ဆွေးနွေးပွဲများသို့ တက်ရောက် နိုင်ခြင်းမရှိခဲ့သော်လည်း ယခုတစ်ခေါက် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမှာ နှစ်ဘက် အပစ်ရပ်စဲရေး လက်မှတ်ထိုးမည့် အလားအလာများ ရှိနေကြောင်း လေ့လာ သူများက သုံးသပ်နေသည် ။