မိုးဆက်တိုက် ရွာသွန်းကာ ရေနှင့်အတူ ဒိုက်များ တိုက်စားမှုကြောင့် မွန်တိုင်းရင်းသားများ တည်ဆောက်ထားသည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတားမှာ ဇူလိုင်လ ၂၈ ရက်နေ့ မိုးချုပ်စ အချိန်တွင် ကျိုးပျက်သွားခဲ့ရသည်။
သုံးရက် ဆက်တိုက် နေ့ညမပြတ် မိုးသည်းထန်စွာ ရွာသွန်းရာမှ စံခလယ် ချောင်းဖျားမှ အမှိုက်နှင့် ဒိုက်များ ရေစီးအားနှင့်အတူ မျောပါပြီး တံတားတိုင်ကို ဖိတိုက်ရာမှ တိုင်များ ယိုင်နဲ့ကာ ညနေ ၆ နာရီ ဝန်းကျင်တွင် စံခလပူရီတံတား (ဝင်းကတံတား) ၏ အမြင့်ဆုံး နေရာတွင် မီတာ ၅၀ ကျော် ကျိုးပျက်သွားခြင်း ဖြစ်သည်။
“ရေက ဒိုက်တွေနဲ့ တအားလှိမ့်ဆင်းလာတော့ ညနေ ၅ နာရီကျော်ကျော်လောက်မှာ တံတားတိုင်တွေ စလှုပ်လာတယ်။ ကျမတို့လည်း ဖောင်ကြိုးတွေ ဖြုတ်ပြီး ချောင်းလယ်ကို ဆွဲထုတ်ဖို့ ကြိုးစားတယ်။ ကြိုးဖြုတ်ပြီးလို့ ငါးမိနစ်လောက်ပဲ ရှိမယ်။ တံတားက ကျိုးပါလေရော” ဟု တံတားထိပ်တွင် စားသောက်ဖွယ်ရာများ ရောင်းချပြီး ဖောင်အိမ် ငှါးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူ မိအေး က ပြောသည်။
စံခလယ်ချောင်းကို ဖြတ်ကာ ဝင်းက မွန်ရွာနှင့် စံခလပူရီမြို့ကို ဆက်သွယ်ဆောက်လုပ်ထားသည့် စံခလပူရီ တံတားသည် အရှည် ၄၄၅ ဒသမ ၅ မီတာ၊ အနံ ၄ ဒသမ ၅ မီတာနှင့် တံတား အမြင့်ဆုံး နေရာတွင် ၃၅ မီတာ ရှိကြောင်း တံတားမှတ်တမ်းအရ သိရသည်။
ဆောက်လုပ်ရေး နည်းပညာ ချို့ယွင်းမှုကြောင့် တံတားကျိုးပျက်ခြင်း မဟုတ်ကြောင်းလည်း ကျေးရွာ ပြန်ကြားရေးအဖွဲ့က ကြေညာသည်။
“သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တာပါ။ တောင်ယာ ခုတ်လို့ပေါ့။ တောင်ကျရေတွေ ပြိုဆင်းလာတဲ့ဒဏ်နဲ့ ဒိုက်တွေ တိုက်တဲ့ဒဏ်ကို မခံနိုင်လို့ တံတားပျက်တာပါ” ဟု ဝင်းကရွာ ပြန်ကြားရေးအဖွဲ့မှ နိုင်အောင်ထွန်း က ပြောသည်။
စံခလယ်ချောင်း အောက်ဘက် ကီလိုမီတာ ၄၀ ကျော်ရှိ ထွန်ဖာဖွန် ရေကာတာမှ ရေတံခါးများက ရေကို ထိန်းသိမ်းထားခြင်း မရှိသည့်သေးအတွက် ရေကာတာအထက်ပိုင်းမှ ရေစီးအား သန်ခြင်းမှာလည်း တံတားကျိုးပျက်ခြင်း၏ အကြောင်းရင်းတရပ် ဖြစ်သည်ဟု ဆိုသည်။
ရေတိုက်စားခြင်းကြောင့် တံတားအနီးမှ ဖောင်အိမ် ၅၀ ကျော်နှင့် ဝင်းကရွာကို ရေပေးဝေနေသည့် ရေတင်စက်ဖောင်လည်း ရေစီးအားနှင့်အတူ မျောပါသွားခဲ့သည်။ ၎င်းအနက် ဖောင်အိမ်နှစ်လုံးမှာ ရေပြင်တွင် ပျက်စီးခဲ့ပြီး ကျန်ဖောင်အိမ်များကိုမူ ပြန်လည်ဆွဲယူနိုင်ခဲ့သည်ဟု ကျေးရွာ ပြန်ကြားရေးအဖွဲ့က ပြောသည်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် တံတားပြန်လည် ပြင်ဆင်မည့် အချိန်ကို မခန့်မှန်းနိုင်သေးကြောင်း စံခလပူရီ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ထိုင်းရုပ်မြင်သံကြားမှတဆင့် ကြေညာသည်။
စံခပူရီတံတားသည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ၏ အရှေ့တောင်ဘက်၂၄ ကီလိုမီတာ အကွာ၌ ရှိပြီး
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစအချိန်က ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်ရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဝင်းက ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် မွန်လူမျိုးများက တည်ဆောက်ခဲ့သည်။
ယခင်က ချောင်းကျဉ်းမျှသာ ဖြစ်သည့် စံခလယ်ချောင်းမှာ ၁၉၇၉ ခုနှစ် ထွန်ဖာဖွန် ရေကာတာ စီမံကိန်းကြောင့်ရေပြင်ကျယ်ချောင်း ဖြစ်ခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် ဤသစ်သားတံတားရှည်ကို ဆောက်လုပ်ခဲ့ရခြင်း ဖြစ်သည်။
တံတားဟောင်းကို စက်မှုနည်းပညာ အသုံးပြုခြင်း မရှိဘဲ လက်မှုနည်းပညာဖြင့် ပျဉ်းကတိုးနှင့် သင်္ကန်းသားများကို အသုံးပြုကာ ၂၀၀၉ ခုနှစ်တွင် အသစ်ပြန်လည် တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။
လက်ရှိတွင် မွန်ရွာမှ ထိုင်းဘက်ကမ်းသို့ ကူးလူးသွားလာကြသည့် စက်ချုပ် အလုပ်သမများ အပါအဝင် အခြား
အလုပ်သမားများနှင့် ဈေးရောင်း ဈေးဝယ်များမှာ စက်လှေဖြင့် သွားလာနေကြရပြီး တံတားများ ထပ်မံ ကျိုးပျက်ခြင်း မရှိစေရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ဒိုက်များကို ဆယ်ယူလျက် ရှိသည်။
ဝင်းကရွာသည် မွန်ယဉ်ကျေးမှု ကျေးရွာကြီးတရွာ ဖြစ်ပြီး အိမ်ခြေ တထောင်ကျော်ရှိကာ သာသနိက အဆောက်အဦနှင့် ဤသစ်သားတံတားကြောင့် ထိုင်းနိုင်ငံတွင် အထူးထင်ရှားပြီး ခရီးသွား လုပ်ငန်းဖြင့်လည်း စည်ကားရာဒေသ ဖြစ်သည်။
နွေရာသီကာလများ၌ ရက်သတ္တပတ်လျှင် ပျမ်းမျှ ခရီးသွားဧည့်သည် ၃ ထောင်ခန့် လာရောက်လည်ပတ်ကြပြီး ညနေစောင်းတွင် တံတားပေါ် လေညင်းခံ ထွက်သူများဖြင့်လည်း စည်ကားသည်။
မွန်ဘက်ကမ်းတွင် လူမျိုးများသာ နေထိုင်ကြပြီး ထိုင်းဘက်ကမ်းတွင် ထိုင်း၊ ကရင်နှင့် ဗမာလူမျိုးတို့ နေထိုင်ကြကာ ထိုဘက်ကမ်းနှင့် ဤဘက်ကမ်းကို ဆက်သွယ်ပေးသည့်အတွက် ချစ်ကြည်ရေး တံတားဟုလည်း တင်စားကြသည်။