ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရနှင့် KIA တိုက်ပွဲဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရနှင့် KIA တိုက်ပွဲဆက်တိုက်ဖြစ်ပွား
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တာမိုးညဲမြို့နယ် KIA တပ်ရင်း (၂) ဘန်ဆတ် (Bang Sak)နှင့် ဆိုင်းခေါ် (Seng Hkau) ကြား အစိုးရတပ်ဖွဲ့ ခြေလျင်တပ်ရင်း ခလရ (၁၂၉)နှင့် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၂) တို့ကြား ဇွန်လိုင်၂၅-၂၆ ရက်တွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းအစိုးရတပ်သည် မုန်ဂျီဘက်မှ စစ်ရေးလှုပ်ရှားလာသော အင်အား ၅၀ ကျော်ရှိသည့် အစိုးရတပ်ဖြစ်ပြီး KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၂) ကြား ဇွန်လိုင် ၂၅ ကြာသာပတေးနေ့တွင် ၁ နာရီကြာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ဟု တပ်မဟာ(၄)မှသိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး အစိုးရတပ်သည် ဆိုင်းခေါ် (Seng Hkau) ကျေးရွာသို့ နောက်ဆုတ်သွားပြီး ဇွန်လိုင်လ ၂၆ ရက် သောကြာ ညနေတွင် ၂ ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ (၄) အရာရှိတဦးက ပြောသည်။

သောကြာ ညနေချိန်တွင် ဆက်လက်၍ ဆိုင်းခေါ် (Seng Hkau) ရွာပြင်ဘက်တွင် ၁၅ မိနစ်ကြာ ပစ်ခတ်တိုက်ခတ်ကြပြီး မုန်ပေါ် (Mung Pau) ဘက်တွင်လည်း ၃ နာရီခွဲချိန်မှ ပြန်လည်ပစ်ခတ်ကြောင်း အမည်မဖော်လိုသူ တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“မုန်းပေါ် (Mung Paw)၊ ဆိုင်းခေါ် (Seng Hkau)၊ ဘန်ဆတ် (Bang Sak) နယ်မြေက ကျွန်တော်တို့ အမြဲရှိနေတဲ့နေရာဖြစ်တယ်။ အစိုးရတပ်တွေ ကျွန်တော်တို့ရှိတဲ့နေရာကို လှုပ်ရှားလာတော့ ပစ်ခတ်မှုတွေဖြစ်လာတာ။ အခုတလော အစိုးရတပ်တွေက နေရာတိုင်းမှာ လှုပ်ရှားနေကြတယ်။”

KIA တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် အစိုးရတပ် ခလရ (၁၂၃)နှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)ကြား တင်းမာနေဆဲချိန် အစိုးရတပ်သည် ကြာသပတေးနေ့တွင် ကွတ်ခိုင်ဘက်မှ စစ်အင်အားများ ပြန်လည်တိုးချဲ့လာကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“စစ်ကား ၅ စင်း တိုးချဲ့လာတယ်။ ပန်ဆိုင်းဝန်းကျင်မှာတိုးချဲ့လာကြတယ်။ ပန်ဆိုင်းမှာ ကား ၃ စင်း၊ နမ်တောင်းမှာ ၂ စင်း နမ်တောင်းမှာ အင်အား ၄၀ ခန့် နမ်တောင်း-ပန်ဆိုင်းကြား မန်ခုန်မှာ အင်အား ၄၀ ခန့်နဲ့ Hka Len မှာ အင်အား ၅၀ ကျော်တိုးချထားကြတယ်။”

ယခုချိန်အစိုးရတပ်များသည် ခလဲန် (Hka Len) ကျေးရွာရှိဘုရားကျောင်းဝင်းထဲသို့ အကာအကွယ်ယူနေကြပြီး စစ်အင်အားလည် ထပ်မံတိုးချဲ့လာခြင်းဖြစ်ကြောင်း သိရသည်။

Most read this week