ရန်ကုန်တိုင်း၊ ဒဂုံမြို ့သစ် အရှေ့ပိုင်းရှိ စိတ်ကျန်မာရေးဆေးရုံ (ရွာသာကြီး) တွင် စွန့်ပစ်လူနာများ များပြားလာသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်စိုး က ပြောသည်။
“ဆေးရုံမှာ လာပြီး စွန့်ပစ်ထားတဲ့ စိတ္တဇ ဝေဒနာရှင် စွန့်ပစ်လူနာတွေက တနှစ်ထက် တနှစ် ပိုပိုပြီး များလာတယ်။ ဆရာတို့ အရမ်း ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ အခု တောင့်ခံနိုင်ပေမယ့် နောင်မှာ တောင့်မခံနိုင်တော့မှာလည်း စိုးတယ်” ဟု မဇ္စျိမကို ပြောသည်။
ယခုအချိန်တွင် အလှူရှင်များ၏ အလှူငွေများဖြင့်သာ ကြိုးစားရပ်တည်နေရကြောင်းလည်း ဆရာဝန်ကြီးက ဆက်လက်ပြောပြသည်။
ယမန်နှစ်က ထိုဆေးရုံတွင် စွန့်ပစ်လူနာဦးရေ ၃၅၉ ယောက်သာ ရှိခဲ့ကာ ယခုနှစ်တွင် ၄၂၅ ယောက်အထိ များပြားလာပြီး ၎င်းတို့အတွက် နိုင်ငံတော်မှ ထမင်း ၂ နှပ်ကျွေးကာ ဆေးဝါးများ တာဝန်ယူ ပေးနေသော်လည်း လူမှုဖူလုံရေးနှင့် နိုင်ငံတကာမှ NGO၊ INGO များထံမှ အထောက်အပံ့များမူ လုံးဝ မရရှိကြောင်း ဒေါက်တာကျော်စိုး က ပြောပြသည်။
“ဆေးရုံမှာ စွန့်ပစ်လူနာ အပါအဝင် အတွင်းလူနာက ၁,၁၅၃ ယောက် ရှိတယ်။ လက်ရှိ အချိန်မှာ ဆေးမကုတော့တဲ့ ဆရာဝန်တွေအပါ ခွင့်ပြုဆရာဝန်က ၃၃ ယောက်ပဲ ရှိတယ်။ အခု ၁၆ ယောက်ပဲ ရှိတယ်။ ဆရာဝန် တယောက်က လူနာ ရ၀ ယောက်ကို ကြည့်ပေးနေရတယ်” ဟု လူနာနှင့် ဆရာဝန် မမျှပုံကိုလည်း ရှင်းပြသည်။
၂၀၀၄ ခုနှစ် မြန်မာနိုင်ငံ စိတ္တဇ ဝေဒနာရှင်များ စစ်တမ်းအရ လူ ၁,၀၀၀ တွင် ၅ ဦးမှာ သိသာသော စိတ္တဇ ဝေဒနာ ခံစားနေရသည့်အတွက် တနိုင်ငံလုံးတွင် စိတ္တဇ ဝေဒနာရှင် ၃ သိန်းခန့် ရှိကြောင်း ထိုစစ်တမ်း က သုံးသပ်ထားသည်။
ထို့ကြောင့် စိတ္တဇ ဝေဒနာရှင်များ စွန့်ပစ်လူနာအဖြစ် ဆေးရုံပေါ်သို့ ထပ်မံ ရောက်ရှိလာ နိုင်ကြောင်း စိတ်ကု ဆရာဝန်ကြီးများက ယုံကြည်ကြသည်။
စွန့်ပစ်လူနာများမှာ မိသားစုများက ဆေးရုံတင်စဉ်က တာဝန်ယူ တင်ကာ ဆေးရုံတွင် လူနာ နေထိုင်စဉ်တွင် တာဝန်မဲ့စွာ လူနာအား လာရောက် ကြည့်ရှုမှု မရှိတော့ကြခြင်း ဖြစ်သည်။
“အခြားလူနာတွေ ဆေးရုံလာတက်တုန်းကတော့ လာပို့တဲ့ လူတွေ အများကြီးတွေတယ်။ ဒါပေမယ့် နောက် ၄၊ ၅ ရက် နေတော့ သိပ်မတွေ့တော့ဘူး။ နေရာ ဝေးလို ့ လာမကြည့်နိုင် တော့တာလည်း ဖြစ်နိုင်တယ်” ဟု အရက်ဖြတ်ရန်အတွက် အမျိုးသားအား ဆေးရုံတင်ကာ လာရောက် စောင့်ကြည့်နေသည့် လူနာရှင် အမျိုးသမီး တဦးက ပြောသည်။
အဆိုပါ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီးသည် ခွင့်ပြုကုတင် ၁,၂၀၀ ဆံ့ ဆေးရုံ ဖြစ်သော်လည်း လက်ရှိတွင် ထပ်မံဆောက်လုပ်ထားသော လူနာဆောင် တခုအပါအဝင် ကုတင် ၉၀၀ ခန့်သာ ရှိကြောင်း သိရသည်။
အစိုးရ အနေဖြင့် ထိုဆေးရုံကြီးသို့ ယမန်နှစ်က အဆောက်အဦ ဆောက်လုပ်သည့် အသုံးစရိတ်များ၊ စားစရိတ်များ၊ဆေးဝါးစရိတ်များ အဖြစ် ဘတ်ဂျက် ကျပ် သိန်း ၄,၀၀၀ ခန့် ချထားပေးခဲ့ကြောင်း ဆေးရုံမှ တာဝန်ရှိသူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စိတ်ရောဂါကု ဆေးရုံအဖြစ် ရန်ကုန်ရှိ အဆိုပါဆေးရုံကြီးနှင့် မန္တလေးတွင်တခုသာ ရှိကြောင်း သိရသည်။