လူသူအသွားအလာနည်းလို့ တိတ်ဆိတ်နေတဲ့ ဝါးရုံတောလမ်းတွေ ရွှံ့နွံ့ထူထပ်လို့ ဆက်သွားလို့ခက်နေတဲ့ လမ်းကျဉ်းလေးတွေ လမ်းမပေါက်သေးလို့ တောင်ကုန်း တောင်စောင်းတွေပေါ်က ဖြတ်ကျော်ခဲ့ရတဲ့လမ်းတွေ ဒီလိုလမ်းတွေနဲ့ ဖရူဆိုမြို့ အနောက်တောင်ဖက်ရှိ ၁၃ မိုင်လောက်ရှိတဲ့ ခရီးကိုသွားပြီးရင်တော့ ဟန်လီကျေးရွာ ကို ရောက်သွားပါတယ်။
ဒီလိုခရီးနဲ့ ဒီလိုလမ်းပန်းဆက်သွယ်ရေး အခြေအနေ ခက်ခဲကြမ်းတမ်းလှတဲ့ ဒီလို ကျေးလက်ဒေသဘက်မှာ နေထိုင်တဲ့ သူတွေအတွက် အရေးပေါ်လူနာတွေ ရှိလာပြီဆိုရင် တော့ အဲဒီလူနာရဲ့ အသက်ကယ်ဖို့ မလွယ်ကူလှပါဘူး။
ပြီးခဲ့တဲ့ဇွန်လက အဲဒီဟန်လီကျေးရွာမှာ မိသားစုဝင်ငါးဦး မှိုစားအပြီး အစာအဆိပ်သင့်လို့ အချိန်မှီ ဆေးရုံမပို့နိုင်ခဲ့တဲ့ ဖြစ်ရပ်တခုနဲ့ ကြံုတွေ့ခဲ့ကြရပါတယ်။
မှိုအဆိပ်သင့်ပြီး ဝေဒနာခံစားနေကြရတဲ့ လူနာမိသားစုဝင်တွေကို ပြုစုကုသခဲ့တဲ့ ဟန်လီကျေးရွာမှ သားဖွားဆရာမ ဒေါ်မားကရက် က "ဒီမှာက ဘယ်လိုမှ အဆင် မပြေတာနဲ့ ကားလမ်းက အဆင်မပြေတာနဲ့ ကားကလည်းမရှိတာနဲ့ မတတ်နိုင်ဘူး။ လူတွေကလည်း အလုပ်တဖက်နဲ့ဆိုတော့ ကူညီမည့်သူလည်း မရှိတာနဲ့ ဖြစ်လာ တဲ့အခါကျတော့ ဗြုန်းခနဲဆို ဘာမှမတတ်နိုင်တော့ဘူး နောက်ဆုံး ချီးမပါ၊ သေးမပေါက်ပဲ အပေါ်ကနေထွက်တာနဲ့ နောက်ဆုံးသွေးတွေပါအမ်ပြီး မခံနိုင်တော့တာနဲ့ ဆုံးသွားကြတယ်" လို့ ပြောပါတယ်။
မှိုစစားမှားတဲ့နေ့ရက်က ဇွန်လ ၁၉ ရက်နေ့ကဖြစ်ပြီး စားပြီး ၁၀နာရီခန့်အကြာမှာ ဖခင်ဖြစ်သူ မှိုဆိပ်တက်တဲ့ ဝေဒနာကို စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ရောက်တော့ ၂ နှစ်သမီးငယ်သေဆုံးပြီး ၂၄ရက်နေ့မှာတော့ မိခင်ဖြစ်သူနဲ့ သားကြီး၊ သားလတ်နှင့် ၅နှစ်သမီးငယ် ထပ်မံသေဆုံးသွားခဲ့ပါတယ်။
မိခင်ဖြစ်သူနှင့် သားသမီး ၄ ဦးစုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြရပါတယ်။ အဲဒီမှာ ၁၉ ရက်နေ့က မှိုဆိပ်တက်တဲ့ ဝေဒနာစတင်ခံစားခဲ့တဲ့ ဖခင်ဖြစ်သူနှင့် နှစ်လသားအရွယ် ကလေးငယ်တဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြပါတယ်။
၁၉ ရက်နေ့ ကတည်းက မှိုဆိပ်တက်မှန်းသိနေလျက်နဲ့ ဘာကြောင့်များ ဒီးမော့ဆိုဒါမှမဟုတ် လွိုင်ကော်ဆေးရုံကြီးကို အချိန်မှီမပို့နိုင်ရတာလဲ…
၁၉ ရက်ကနေ ၂၄ ရက်အထိ ရွာမှာခံနေတဲ့ဖြစ်ရပ်ဟာ ကယားပြည်နယ်ရဲ့ကျေးလက်ဒေသမှာ ဆက်သွယ်ရေး၊ သွားလာရေးကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ဘယ်လောက်ထိ အခက်အခဲတွေရှိနေသလဲ ဆိုတာကို ပြသနေတာဘဲ မဟုတ်လား…။
ယခုလိုအချိန်မှီ ဆေးရုံကိုသွားကုသဖို့ မိသားစုအလိုက် မပို့ဆောင်နိုင်ခဲ့လို့ မိသားစုတစုလုံးနီးပါး အသက်ဆုံးရှုံးခဲ့ကြရတာဟာ စိတ်မကောင်းဖွယ်ရာ သတင်းဆိုးပါ။
ထို့အတူပါပဲ မှိုနှင့် ဖားသားစားအပြီး ခရို့ခူကျေးရွာမှာ သုံးဦးသေဆုံးခဲ့ကြ ရသေးတယ်လို့ သိရပါတယ်။
ဒီလိုကျေးလက်ဒေသဘက်တွေမှာ ယခုအချိန်ထိ အရေးပေါ်လူနာတွေနဲ့ ကြံုတွေ့လာရပြီဆိုရင်တော့ နီးစပ်ရာမြို့နယ်ဆေးရုံပို့ဖို့အတွက် အရေးပေါ်လူနာတင်တဲ့ကားတွေ၊ ကားကြံုတွေမရှိသေးလို့ ခြေလျှင်ခရီးနဲ့ဘဲ လူနာကိုထမ်းပို့နေကြ ရပါသေးတယ်။
လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေတဲ့ ကာလအတောအတွင်းမှာ ကယားပြည်နယ်ရဲ့ မြို့တမြို့နှင့်တမြို့ သွားလာနေကြတဲ့ လမ်းတွေကို ကြည့်လိုက်မယ်ဆိုရင် လမ်းပြုပြင်နေကြတာတွေ ချဲ့ထွင်နေကြတာတွေကို မြင်တွေ့နေရပြီဖြစ်ပေမဲ့ မြို့နဲ့ အလှမ်းမဝေးတဲ့ ကျေးလက်ဒေသတွေဘက်တွေမှာ သွားလာဖို့အတွက်တော့ အရေးပေါ် လူနာတွေကိုတောင် ဆေးအချိန်မှီ ကုသဖို့အတွက် ခက်ခဲနေကြဆဲပဲ ဖြစ်ပါတယ်။
ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ကျေးလက်ဒေသဘက်တွေလို နေရာမျိုးမှာ ကျန်းမာရေး ဝန်ထမ်းတွေကလည်း အချိန်ပြည့် တာဝန်ထမ်းဆောင်နေဖို့ ဆိုတာလည်း အခက်အခဲတွေရှိနေကြပါတယ်။ တချို့ ဝေးလံခေါင်ပါးတဲ့ ကျေးရွာတွေဘက်ဆိုရင်တော့ တလ တကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ ရောက်ရှိလာကြတယ်လို့ သိရပါတယ်။
ယခုဆိုရင်တော့ တချို့ကျေးရွာအုပ်စုတွေဘက်မှာ အစိုးရဘက်က ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေ လူနာတွေကို ကောင်းစွာ ပြုစုစောင့်ရှောင့်နိုင်ဖို့အတွက် ဆေးပေးခန်းတွေ စတင်ဆောက်လုပ်နေကြပြီ ဖြစ်တယ်။
အစိုးရဘတ်ဂျက် ကျပ်သိန်း ၆၅၀ လှူဒါန်းထားတဲ့ ဒေါဖုကျေးရွာအုပ်စု ဆေးပေးခန်း စတင် ဆောက်လုပ်နေခြင်း ဟာလည်း ဒေသခံလူထုတွေက သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောင့်ဖို့ အတွက် များစွာ အထောက်အကူဖြစ်လာ မယ်လို့ မျှော်လင့်နေကြရပါတယ်။
အကြောင်းကတော့ ၎င်းတို့ကျေးရွာတွေဘက်မှ ကလေးမီးမဖွားနိုင်တဲ့ အရေးပေါ်လူနာတွေရဲ့ဘဝမှာ ဒေါဖုရွာ ကနေ ၁၇ မိုင်ဝေးတဲ့ ဒီးမော့ဆိုမြို့ဆေးရုံသွားဖို့ မလွယ်ကူတဲ့အတွက် မကြာခဏဆိုသလို မွေးမိခင်တွေ အသက်ဆုံးရှုံးကြရတာတွေ ရှိတယ်လို့ အရံသားဖွားဆရာမ ဒေါ်ဇင်ဇင်က ပြောပါတယ်။
ဒေါ်ဇင်ဇင်က “လူနာတွေက ဖျားပြီဆိုရင် ဒီးမော့ဆိုထိသွားရတယ်၊ အရေးကြီးတဲ့ လူနာဆို ဥပမာ ကလေး မမွှေးထုတ်နိုင်တဲ့ မိခင်ဆိုဒီးမော့ဆိုထိ သွားရမှာဖြစ်လို့ လမ်းကလည်းခက်ခဲတယ်။ ကားကြံုတွေကလည်း မရှိဘူးဆိုတော့ အဲဒီအချိ်န် အခြေအနေမှာဆို လူနာက အသက်ဆုံးသွားတာ အများကြီးရှိတယ်" လို့ ပြောပါတယ်။
ဒေါဖု ရွာနေ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးကျဲရယ်က ၎င်းဆေးပေးခန်းပြီးစီးသွားလျှင် ကျေးလက် ကျန်းမာရေးဝန်ထမ်းတွေ အချိန်ပြည့်လာရောက် နေထိုင်နိုင်ပါက လူနာများ အရေးပေါ် ဆေးကုသပေးနိုင်မှု ပိုမိုလွယ်ကူစေနိုင်မယ်လို့ မျှော်လင့် ထားကြောင်း ပြောပါတယ်။
ဦးကျဲရယ်က “ဆေးခန်းမှာလာနေဖို့ ဆရာမကို ရွှေးထားပြီးပြီ၊ ဒါပေမဲ့ မရောက်လာသေးဘူးပေါ့၊ ဘာဘဲဖြစ်ဖြစ်ပေါ့ ဆေးခန်း တည်ဆောက်ပြီဆိုရင် ဆရာ၊ ဆရာမတော့ ပုံမှန်ရှိပြီပေါ့၊ ငှက်ဖျားရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးတွေပေါ့၊ တိုးတက်သန့်ရှင်းမှုလည်း ရှိဒါပေါ့" လို့ ပြောပါတယ်။
ခက်ခဲတဲ့ ကျေးလက်ဒေသဘက်တွေမှာ အရေးပေါ်လူနာတွေ တင်ဖို့အတွက် ကားတွေ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အသက်မသေသင့်ပဲ သေသွားကြရတဲ့ လူနာတွေ မနည်းတော့ပါဘူး။
ယခုလိုကျေးလက်ဒေသဘက်မှာ နေထိုင်တဲ့သူတွေအတွက် အရေးပေါ်လူနာတွေ ကြံုတွေ့လာရတိုင်း အသက်ကယ်ဖို့ အရေးပေါ်လူနာတင်ကား မရှိမဖြစ်ချထားပေးဖို့ လိုအပ်နေပြီး ဆေးရုံနဲ့ ကျေးလက်ကျန်းမာရေးဌာနတို့အကြား ဆက်သွယ်ရေးစနစ်တွေ မဖြစ်မနေ တပ်ဆင်ဖို့ လိုအပ်နေပါပြီ။