နမ့်ခမ်းမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဒုတိယအကြိမ်မျက်စိအခမဲ့စမ်းသပ်ကုသပေးနေ

နမ့်ခမ်းမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဒုတိယအကြိမ်မျက်စိအခမဲ့စမ်းသပ်ကုသပေးနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းမြောက်နမ့်ခမ်းမြို့ ဇေယျသုခဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဖွင့်လှစ် ထားသော သီတဂူစက္ခုဒါန ဆေးရုံတွင် ယ္ခုလ ၂၄ ရက်မှစတင်ပြီး လကုန် ရက်အထိမျက်စိရောဂါ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသ ပေးနေ ကြောင်းစုံစမ်းသိရှိရသည်။

“မျက်စိရောဂါသည်တွေ တန်းစီစနစ်နဲ့ တစ်နေ့  အယောက်၂၀၀ အခမဲ့ ခွဲစိတ် စမ်းသပ်ပေးတယ်၊ ရောက်လာ တဲ့မျက်စိဝေဒနာသည်တွေထဲမှာ သက်ကြီးပိုင်း တွေများတယ်၊ မျက်စိဆေးရုံကို စေတနာနဲ့လာရောက်ကူညီ ပေး တာကတော့ ကျနော်တို့မြို့မှာရှိတဲ့ ဘောလုံးကလပ်အဖွဲ့များ၊သာသနာဆိုင်ရာအဖွဲ့များ
နှင့် သာရေးနာရေး ကူညီအဖွဲ့၊ သွေးလှူရှင်များအဖွဲ့အပြင် နမ့်ခမ်းဆေးရုံမှဆရာ/မတွေဖြစ်ပါ တယ်” ဟု သီတဂူစက္ခုဒါနဆေးရုံ ကော်မတီဝင်တစ်ဦးကသျှမ်းသံတော်ဆင့်သို့  ပြောသည်။

သီတဂူစက္ခုဒါနဆေးရုံ ကို မြန်မာပြည်ရှိမျက်စိကျွမ်းကျင်အထူးကု နိုင်ငံခြားပြန်ဆရာဝန်များက လာရောက် ခွဲစိတ် စမ်းသပ်ကုသပေးနေပြီး ၊ ယမန်နှစ် ၂၀၁၂ နိုဝင်ဘာ  ၁၄  ရက်က ပထမအကြိမ် မျက်စိရောဂါ ဝေဒနာ
(၆၀၀) ကျော်ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း ၄င်းကဆိုသည်။

“အဖွားက မျက်စိကုသဖို့ လာရောက်တန်းစီတာ နှစ်ရက် မြောက်နေန့မှ မျက်စိစမ်းသပ်ဖို့လက်မှတ်ရတာလေ၊ မနက် ၉ နာရီ မျက်စိကုဖို့ လက်မှတ်စပေးတာလေ။ ၁၀ နာရီလောက်ဆို လက်မှတ်ကကုန်သွားပါပြီ၊လူတွေက  ကြိတ်ကြိတ်တိုးပဲ၊ ကျမတို့ဒေသမှာ ဒီလိုမျိုး အခမဲ့ မျက်စိကိုခွဲစိတ်ပေးတာ အရင်က မရှိကြဘူးဆိုတော့ အခုလိုရှိလာတာ ၀မ်းသာမိပါတယ်”ဟု မန့်ဝိန်းကြီးကျေးရွာမှ ကချင်လူမျိုး အသက်(၇၀)ကျော် အဖွားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ရှိသီတဂူစက္ခုဒါနဆေးရုံသည် သီတဂူဆရာတော်နှင့် ဇေယျသုခဆရာတော်တို့  ဦးဆောင်ပြီး၂၀၁၂ နိုဝင်ဘာ(၁၄) ရက်နေ့တွင်ဖွင့်လှစ်ပေးခဲ့သော အခမဲ့မျက်စိဆေးရုံဖြစ်ကြောင်းသိရသည်။

Most read this week