လာမည့် ဇူလိုင်လ (၃၁) ရက်နေ့၌ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ တအာင်းပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံ ဆွေးနွေး တစ်ရပ်ကို ကျင်းပရန် ရှိကြောင်း PSLF အတွင်း ရေးမှူးက ပြောသည်။
“ဒီနေ့ နေ့လည် ပိုင်းလောက် နှစ်ဖက် ညှိနှိုင်းပြီးတော့ ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံ ဆွေးနွေး ကြဖို့ နှစ်ဖက် သဘော တူညီချက် ရခဲ့တယ်၊ ပြည်နယ် အဆင့် ဆွေးနွေးဖို့ ဆိုပေမယ့်လို့ အစိုးရရဲ့ ပြည်နယ် အဆင့် လမ်းညွှန်မူ (၅) ချက်ကို လက်ခံ ဆွေးနွေးတာ မဟုတ်ဘူး” ဟု အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။
ယခု ကဲ့သို့ တွေ့ဆုံ ဆွေးနွေး ကြမည်ဟု ညှိနှိုင်း သဘောတူ နိုင်ခဲ့ ကြသော်လည်း ဆွေးနွေးပွဲ အဖြေကား အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူ လက်မှတ် ထိုးနိုင်ရန်မှာ မိမိ တို့၏ ပထမ ဦးစားပေး မဟုတ် ဟုလည်း ဆိုပါသည်။ ထို့အတူ ယခု နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရန် သဘောတူသည့် ဆွေးနွေးပွဲ သည်လည်း မူဘောင် သက်မှတ်ကာ ဆွေးနွေး ကြခြင်း ဖြစ်ကာ အလွတ်သဘော တွေ့ဆုံ ကြခြင်းသာ ဖြစ်သည်။
တွေ့ဆုံ ဆွေးနွေး ပွဲသို့ PSLF ကိုယ်စားလှယ် အဖွဲ့ကို အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်ပြီး ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူး တာခူလန်၊ ဗိုလ်မှူး တာရောခြိုး၊ ဗိုလ်မှူး တာအောင်မြတ် အပါအဝင် ကိုယ်စားလှယ် (၉) ဦး ပါဝင်မည် ဖြစ်သည်။ အစိုး၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ကိုမူ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းမှ ဦးဆောင်မည် ဖြစ်ကာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး အပါအဝင် အဝင် ကိုယ်စားလှယ် (၁၃) ဦး တက်ရောက် ကြမည် ဖြစ်သည်။
အလားတူ PSLF ၏ မဟာမိတ် အဖွဲ့ အစည်းများ ဖြစ်ကြသည့် KIO, KNU, NMSP, SSPP/SSA, UWSA လက်နက်ကိုင် အဖွဲ့များမှ ခေါင်း ဆောင်များလည်း တက်ရောက် ကြမည် ဖြစ်သည်။
ဤကဲ့သို့ PSLF နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ တို့သည် အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်း နေကြဆဲ ဖြစ်သော်လည်း ယမာန်နေ့ ဇူလိုင်လ (၂၅) ရက်နေ့၌ပင် ကွတ်ခိုင် မြို့နယ် တွင်းရှိ ကန်ပါဖို ကျေးရွာတွင် တစ်နာရီခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြ ပါသည်။
ပြီးခဲ့သည့် ၂၀၁၃ မတ်လ လောက်၌လည်း နှစ်ဖက် အကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေး နိုင်ရေး အတွက် ပလောင် ဒေသ လွှတ်တော် အမတ်များ၊ အစိုးရထံ လက်နက်ချ သွားသည့် (PSLA) အဖွဲ့တို့က တွန်းအား ပေးကာ ဆောင်ရွက် ခဲ့ကြ သော်လည်း အောင်မြင်မှု မရ ခဲ့ဘဲ ယခု အကြိမ် ၌သာ နှစ်ဖက် တွေ့ဆုံ နိုင်ရန် ညှိနှိုင်း နိုင်ခဲ့ ကြခြင်း ဖြစ်သည်။
အစိုးရနှင့် ပလောင်ပြည် လွတ်မြောက်ရေး တပ်တော် (PSLA) တို့ ၁၉၉၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး အား လက်မှတ် ရေးထိုး ခဲ့ကြ သော်လည်း အပစ်အခတ် ရပ်စဲရေးကို လက်မခံသည့် အင်အားစု များမှ ၁၉၉၃ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး ( PSLF) ကိုပြန်လည် ထူထောင်ပြီး တအာင်း အမျိုးသားရေး အတွက် ဆက်လက် တိုက်ပွဲဝင် ခဲ့ကြသည်။
သို့သော် ၂၀၀၅ ခုနှစ်တွင် PSLA က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ခဲ့သောကြောင့် ၂၀၁၁ ခုနှစ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။