ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသူ ရခိုင်မျိုးနွယ်စုများ စားရေရိက္ခာ ခက်ခဲနေ

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသူ ရခိုင်မျိုးနွယ်စုများ စားရေရိက္ခာ ခက်ခဲနေ
by -
မဇ္ဈိမ

 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်တွင်းသို့ လာရောက်ခိုလှုံနေကြသည့် ရခိုင်မျိုးနွယ်စု ဒုက္ခသည် ၁,၃၀၀ ကျော်မှာ ယခုအခါ စားရေရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သွားရောက်ကူညီနေသည့် လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင်၊ စစ်တကောင်းခရိုင်နှင့် ရင်ဂါမာတီခရိုင်တို့မှ ထွက်ပြေးလာသူများ ဖြစ်ကြပြီး ရခိုင်ပြည်နယ်အစိုးရက မောင်တောမြို့ နယ်တွင် နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက သွားရောက်ကူညီခဲ့သည့် ဝံလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံ က “ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို မောင်တောမှာ ၁၅ နေရာခွဲပြီး နေရာချပေးပြီးတော့ အစောပိုင်း ရောက်လာသူတွေကို စိုက်ပျိုး စားသောက်ဖို့ အိမ်ထောင်တစုကို လယ် ၁ ဧက ပေးတယ်။ WFP ကလည်း ဆန် လာပေးတာတွေ ရှိတယ်။ ဒါပေမယ့်အခု ဒုက္ခသည် အများစုမှာ စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို အလုပ်လက်မဲ့ပြဿနာတွေ ဖြစ်နေလည်းတာ တွေ့ရတယ်” ဟု ရှင်းပြသည်။

ယမန်နှစ် အောက်တိုဘာလမှ စတင်ဝင်ရောက်လာခဲ့ကြရာ ယခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထိ ကောက်ယူရရှိထားသော စာရင်းအရ ဒုက္ခသည် အိမ်ထောင်စု ၃၀၈ စု၊ ကျား ၆၄၇ ယောက်၊ မ ရ၃၈ ယောက်၊ လူဦးရေ ၁,၃၈၅ ယောက် ရှိနေပြီး ၎င်းတို့အား နတလ ကျေးရွာများတွင် နေရာချပေးထားပြီး ပြည်နယ်အစိုးရနှင့် ဒေသခံလူမှုအသင်းအဖွဲ့များက အဓိက ကူညီဆောင်ရွက်ပေးနေသည်ဟု ဦးခိုင်ကောင်းစံ က ဆိုသည်။

ခိုလှုံရသည့် အကြောင်းရင်းကို ဒုက္ခသည်များ ပြောပြရာတွင် ဘာသာရေးနှင့် လူမျိုးရေး ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာရခြင်းဖြစ်သည်ဟု သိရသည်။

“မိုးအကုန်တွင် ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စုများ အလုံးအရင်းနှင့် ထပ်မံ ဝင်ရောက်လာနိုင်ဘွယ် ရှိကြောင်း” ရင်ဂါမာတီခရိုင်၊ ပါးလူရွာမှ ထွက်ပြေးလာသူ ဦးဆိုးရီ က ခန့်မှန်းသည်။

ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း ကမူ “ဘင်္ဂလာဒေ့ရှ်ဘက်က အကြောင်း အမျိုးမျိုးကြောင့် ထွက်ပြေးရောက်ရှိ သူတွေဟာ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့ မျိုးနွယ်တူ၊ ကိုးကွယ်တဲ့ ဘာသာတူသူတွေ ဖြစ်တယ်။ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး၊ လူသားချင်း စာနာမှုကို အခြေခံပြီးတော့ သူတို့တွေကို အမိုးအကာအောက်မှာ လုံခြံုစိတ်ချစွာ နေနိုင်ရေး စီစဉ်ပေးနေတယ်။ လုပ်ကိုင် စားရေးနဲ့ ပညာရေး၊ ကျန်းရေး အတွက်လည်း စီစဉ်ပေးနေပါတယ်။ သူတို့တွေ နိုင်ငံသားဖြစ်မှု ကိစ္စကတော့ နောက်ပိုင်း နိုင်ငံတော်က ဥပဒေနဲ့အညီ စိစစ် ဆောင်ရွက်ပေးသွားပါလိမ့်မယ်” ဟု မဇ္စျိမကို ပြောသည်။

Most read this week