ပြည်သူ့စစ်ခေါင်းဆောင်တဦးအား ထိုင်းအစိုးရမှ ဖမ်းဝရမ်းဆုငွေ ၅ သန်းအထိတိုးမြှင့်

ပြည်သူ့စစ်ခေါင်းဆောင်တဦးအား ထိုင်းအစိုးရမှ ဖမ်းဝရမ်းဆုငွေ ၅ သန်းအထိတိုးမြှင့်
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံသား တာချီလိတ်မြို့နေ နမ့်ပုံ  ပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေးအား မူးယစ်ဆေး ဝါးမှုဖြင့် ထိုင်းအစိုးရက ဖမ်းဝရမ်း ဆုငွေ ထိုင်းဘတ် ၂ သန်းမှ ဘတ် ၅ သန်းသို့ တိုးမြှင့်လိုက်ကြောင်း ထိုင်းမူးယစ်ရဲအဖွဲ့က ပြောကြားလိုက်ပါသည်။

ဆုငွေတိုးမြှင့်ကြောင်း ထိုင်းဝက်ပ်ဆိုက်တွင်ဖော်ပြထားသော ဦးယီ့ဆေးပုံ

ပြီးခဲ့သည့် ဂျွန်လနှောင်းပိုင်းက ထိုင်းနိုင်ငံ အယုဒ္ဓယ မြို့၌  ယာဘဆေးပြားပေါင်း ၅ သိန်း  ဖမ်းဆီး မိပြီး နောက်ပိုင်း ဦးယီ့ဆေးအား ယခုလ ရ ရက်နေ့က ဖမ်းဝရမ်းဆုငွေ တိုးမြှင့် လိုက်ခြင်းဖြစ်သည်။

ဖမ်းမိယာဘဆေးပြားများမှာ တာချီလိတ်မြို့ နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေး၏ အဆက်ဟု ယူဆသောကြောင့် ဖမ်းဝရမ်းဆုငွေ တိုးမြင့်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ထိုင်းအရာရှိတဦးက သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့် လေ့လာရေးအဖွဲ့အားပြောကြားကြောင်း ဦးခွန်စိုင်းကပြောပါသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ဖုန်းစဖတ် ဖုန်းဂျရုန်း ကလည်း ထိုင်းသတင်း မီဒီယာများအား “ ဦးယီ့ဆေးဟာ မူးယစ်ဆေးဝါးထုတ်လုပ်သူတယောက်အဖြစ် ကျနော်တို့ဆီမှာ သတင်းအချက်အလက် အပြည့်အစုံရရှိထားပြီးပြီ။ သူ့ရဲ့ အဖွဲ့ဝင် အဆက်တွေက ထိုင်းနိုင်ငံထဲမှာ အဖွဲ့ ၅ ဖွဲ့ရှိတယ်။ အန်ထောင်းမြို့နဲ့ အယုဒ္ဓယ မြို့မှာပါ။ သူဟာ ထိုင်းနိုင်ငံကနေ တဆင့် နိုင်ငံရပ်ခြားကို တင်ပို့နေတဲ့သူတယောက်ဖြစ်တယ်။ ဒီကိစ္စ ကျနော်တို့ ထိုင်းအာဏာပိုင်နဲ့ မြန်မာဘက် က အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမယ်” ဟု ပြောဆိုပါသည်။

၎င်းအား မူးယစ်ရာဇာအမည်တပ်ဖမ်းဝရမ်းထုတ်မှုနှင့်ပတ်သက်၍ ဦးယီ့ဆေးက “ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လုံးဝ မနှစ်မြို့ဘူး။ ဆက်စပ်မှုမရှိဘူးလို့ အတိအကျပြောချင်ပါတယ်။ မည်သူမဆို မည်သည့် အချိန်မဆို လာရောက်စစ်ဆေး နိုင်တယ်လို့ ပြောချင်တယ်။” ဟု tcl4news ဆိုသူ၏ အင်တာဗျူးတွင် ဖြေကြားထားဖူးသည်။ အဆိုပါ အင်တာဗျူးကို tcl4news က ပို့ပေးသဖြင့် သျှမ်းသံတော်ဆင့်မှ ၂၀၁၂ နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းအဖမ်းမခံရမီ က မြန်မာနိုင်ငံသား ၃ ဦးဖြစ်သော စိုင်းနော်ခမ်း ဦးယီ့ဆေး နှင့် ဗိုလ်နှုတ်ခမ်းမွှေး (စောလားဘွယ်) အား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ခဲ့ ပါသည်။

အဆိုပါ ရွှေတြိဂံဒေသအတွင်း စိုင်းနော်ခမ်းမရှိတော့သည့်နောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား မှုမှာ လျော့ကျမသွားဘဲ  ဦးဂျဆေးဘိုဆိုသူက အစားထိုးလှုပ်ရှားနေကြောင်းနယ်စပ်ထိုင်းလုံခြုံရေးအာဏာပိုင် များကပြောပါသည်။

ယနေ့ ကလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၌  တိုင်း/ဒေသ အဆင့် ထိုင်း-မြန်မာ နယ်ခြား ကော်မတီ  RBC Regional Border Committee အစည်းအဝေးကျင်းပရာ ဦးယီ့ဆေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုရှိခဲ့ ကြောင်း၊ မြန်မာအာဏာပိုင်က ထိုင်း အာဏာ ပိုင်အား “ ဦးယီ့ဆေးနှင့်ပတ်သက်သည့် သက်သေအထောက် အထားများ အပြည့်အစုံရှိပါက ဖမ်းဆီးအရေး ယူနိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ပြောဆိုပါသည်။ သို့သော် ထိုင်းဘက် ခိုင်လုံသောသက်သေ ထုတ်ပြပြောဆိုခြင်း မရှိသေးပေ။

 

Most read this week