မွန်ပြည်သစ်ပါတီစခန်းအား အစိုးရတပ်ဖွဲးသိမ်းပိုက် ကျေးရွာများအားမီးရှို့

မွန်ပြည်သစ်ပါတီစခန်းအား အစိုးရတပ်ဖွဲးသိမ်းပိုက် ကျေးရွာများအားမီးရှို့
by -
ရွှေဟင်္သာ

မွန်ပြည်သစ်ပါတီ (NMSP)၏ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တပ်ဖွဲ့ကို ၀င်တိုက်ခဲ့သော အစိုးရ၏ အမှတ်(၂၀) စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်များသည် ဇူလိုင်(၁၆)ရက်နေ့တွင် NMSP စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး (၆) ရက်ကြာ နယ်မြေရှင်းလင်းပြီးနောက် ဇူလိုင်(၂၂)ရက်နေ့အပြန်ခရီးတွင် သုမင်္ဂလံ ကျေးရွာအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း NMSP ၏ နယ်မြေခံ တပ်မှူး တမော့ချမ်းကဆိုပါသည်။

“ ဇူလိုင် (၁၆)ရက်နေ့မှာ သူတို့ကစခန်းကို တက်သိမ်းတယ်။ မှားပြီးတိုက်မိတာဖြစ်တယ်လို့ ဆိုတယ်။ ကျနော်တို့က အဖြစ်မှန် ဖေါ်ထုတ်ပေးဖို့ သက်ဆိုင်ရာကို အဆင့်ဆင့်တင်ပြတယ်။ ဒါတောင် ဇူလိုင်(၂၂) ရက်နေ့အထိ နေပြီးတော့ ပြန်ခါနီးမှာ သုမင်္ဂလံကျေးရွာကို မီးရှို့ပြီးမှ (၂၃)ရက်နေ့မနက်မှာ ဆုတ်သွား ကြတယ်လေ” ဟု ဆိုပါသည်။

အဆိုပါတိုက်ခိုက်မှုသည်လည်း မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသော ဗိုလ်မှူးကြီးပန်းညွန့် ဦးဆောင်သော တပ်ဖွဲ့အား တိုက်ခိုက်ရန် ကြံရွယ်ထားရာက မှားယွင်းသွားသည်ဟု အကြောင်းပြထားပါသည်။ သို့သော် NMSP စခန်းနှင့်  ဗိုလ်မှူး ကြီးပန်းညွန့်တို့စခန်းသည် ကီလိုမီတာ (၄၀)ခန့်ကွာဝေးပါသည်။

ဤစစ်ဆင်ရေးကို အစိုးရ အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲ စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၈၁)၊ ခလရ ၂၈၈ ၊ ခမရ ၅၈၉ ၊ ခမရ ၅၆၆ နှင့် ခမရ ၅၉၇ တပ်ရင်းများမှ ထုတ်နှုတ် စုဖွဲ့ထားသည့် အင်အား ၈၀ ခန့်က အင်အား (၄၀) ခန့်ရှိသော NMSP ရှေ့တန်းစခန်းငယ်ကို ၀င်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပါသည်။  

မီးရှို့ဖျက်ဆီးခဲ့သော သုမင်္ဂလံကျေးရွာသည် အိမ်ခြေ (၂၀)ခန့်ရှိပြီး၊ ယခုနှစ်ဆန်းပိုင်းမှတည်ထားသော ကျေးရွာဖြစ်ပါ သည်။ ဤကိစ္စ ဖြေရှင်းပေးပါရန် NMSP သည် သမ္မတထံ တင်ပြတောင်းဆိုခဲ့သည်ဟု ဆိုပါသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသော သုမင်္ဂလံ ကျေးရွာသည် ထိုင်း-မြန်မာ နယ်စပ် ဒေသ ထိုင်းတောင်ပိုင်း ပရာဂျွဇ် ခီရီခန် ခရိုင်ရှိ ဗာန်စဖန်နွဲ့နှင့် ဗာန်စဖန်ယိုင်း အကြား၌ တည်ရှိပြီး မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်ခရိုင် ဘုတ်ပြင်း မြို့နယ် အတွင်းရှိ ပြည်ကြီးမဏ္ဍိုင်၊ လေညာ ကျေးရွာ အထက် နယ်စပ်အနီးတွင် တည်ရှိပါသည်။

အစိုးရသည် အပစ်အခတ်ရပ်စဲထားသော အဖွဲ့များအား အခြေခံနယ်မြေသတ်မှတ်ပေးခြင်းမရှိပေ။ ဤသို့သတ်မှတ်မှု မပေးခြင်းသည် ယခုကဲ့သို့ လိုအပ်သလို ဖိအားပေးနိုင်ရန် ကြိုတင်စီစဉ်ထားခြင်းသာဖြစ် ကြောင်း၊ ဤကဲ့သို့သောလုပ် ရပ်မျိုးသည်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နယ်မြေများ တွင် အထူးသဖြင့် ကျင့်သုံးခဲ့သည်ဟု အကဲခတ်များက ဆိုပါသည်။

အစိုးရ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့ တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာနှင့် သက်ဆိုင်ရာအားလုံးသို့ တင်ပြပြီး အဖြစ်မှန်ပေါ် ပေါက်ရေးကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပါသည်။ ဤကဲ့သို့ အဆင့်ဆင့်တင်ပြပြီး ဖြေရှင်းပေးရန် တောင်းဆို နေချိန် တွင်ပင် အစိုးရတပ်ဖွဲ့များသည် သုမင်္ဂလံကျေးရွာအား မီးရှို့လိုက်ခြင်း ဖြစ်ပါသည်။

Most read this week