မိသားစုအရေး စိတ်ဖိစီးမှုကြောင့်ကလေးသုံးယောက်၏မိခင် ကြိုးဆွဲချသေ

မိသားစုအရေး စိတ်ဖိစီးမှုကြောင့်ကလေးသုံးယောက်၏မိခင် ကြိုးဆွဲချသေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာမှ ကလေးသုံးဦးမိခင်ဖြစ်သူ ဒေါ်ခင်ချိုသင်း ဆိုသူသည် မိသားစုအရေး စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ များလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့တယ်လို့ နွားလဝိုးကျေးလက် ကျန်းမာရေးဌါနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ လင်မယားနှစ်ဦး အမြဲတမ်း ရန်တွေ့ စကားများကြ၍ တစ်အိမ်ထဲ အတူနေသော်လည်း အခန်းခွဲနေကြတာဖြစ်ပြီး မိသားစု အားလုံး အိပ်မောကျနေချိန်မှာ မိခင်ဖြစ်သူက ၁၂ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“သူကတော့ သူ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ တော်တော့်ကို စိတ်ဆင်းရဲနေတာပေ့ါနော်။ ကျန်တဲ့အကြောင်းအရာကတော့ ဘာမှမရှိပါဘူး။ သူအိမ်ထောင်ရေးမသာယာတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူ့တစ်ယောက်ထဲ ရုန်းကန်ရတာများတော့ ဘဝကိုလေ။ ရုန်းကန်ရတာများလာတဲ့ အခါကျတော့ ကြာတော့ သူ့ရဲ့စိတ်က မခံနိုင်တော့ဘူး" လို့ ကျေးလက်သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

ဒေါ်ခင်ချိုသင်း၏ အမျိုးသားဖြစ်သူမှာ အမြဲတမ်း အရက်သောက် မူးယစ်ကာ မယားဖြစ်သူကို အနိုင်ကျင့် နှိမ့်စက်လျက်ရှိကြောင်း၊ မိသားစုဝမ်းရေးအတွက် သားသမီး သုံးဦးကို မိခင်ဖြစ်သူ တဦးတည်းသာ ကြံုရာကျပန်းလုပ်ငန်းဖြင့် လုပ်ကျွေးပြုစုနေရတာဖြစ်တယ်လို့ သိရပါတယ်။

ထိုအလောင်းကို ရဲ၊ ဆရာဝန် များ စစ်ဆေးချက်အရ သေဆုံးသူမှာ မိမိကိုယ်ကို သေကြောင်းကြံခြင်း ခိုင်လှုံကြောင်း ဆိုပါတယ်။

သေဆုံးသူမှာ အရင်က မိမိကိုယ်ကို သေကြောင်းကြံဖူးခဲ့တယ်လို့ ၎င်းနီးစပ်ရာ အိမ်နီးနားချင်းမှ ဒေသခံတွေက ပြောပါတယ်။

နွားလဝိုးကျေးရွာနေ အိမ်အမှတ် န/၂၀ တွင်နေထိုင်တဲ့ သေဆုံးသူ ဒေါ်ခင်ချိုသင်းမှာ အသက် (၃၁) နှစ်ရှိပြီး အမျိုးသားဖြစ်သူမှာ ဦးဝေဖြိုး အသက် (၃၈) ရှိသူဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရစ်သူသားသမီးသုံးဦးမှာ သမီးကြီး ဝေနှင်းဖြူ အသက်(၉)နှစ် စတုတ္ထတန်း၊ သား အောင်မင်းဝေ (၆) နှစ် ပထမတန်း နှင့် (၂)နှစ် သမီး ချမ်းဇာဖြူတို့ ဖြစ်ကြပါတယ်။

Most read this week