လိင်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှု ရပ်တန့်သည့် စာချုပ် KNU နှင့် Geneva Call တို့ လက်မှတ်ထိုး

လိင်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှု ရပ်တန့်သည့် စာချုပ် KNU နှင့် Geneva Call တို့ လက်မှတ်ထိုး
by -
ရွှေဟင်္သာ

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ ပိတ်ပင် တားဆီးရေး စာချွန်လွှာကို ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့နှင့် နက်ဖြန်တွင် ကရင်ပြည်နယ် ဖါးအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ သဘောတူ စာချုပ် ချုပ်ဆိုမည်ဟု ပြောခွင့်ရသူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ဒီသဘော တူစာချုပ် လက်မှတ်ထိုးပွဲမှာ MPC က ၀န်ကြီး ဦးအောင်မင်းရယ်၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းရယ်၊ သူတို့နှစ်ဦး ကိုလည်း သီးသန့် ဖိတ်ကြား ထားပါတယ်” ဟု ဆိုပါသည်။

လက်မှတ် ရေးထိုး ကြမည့် အကြောင်းအရာများမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သက်ရောက်မှု ခံစားရသော ကလေး သူငယ်များအား၊ ကာကွယ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ (Deed of commitment under Geneva Call for the protection of Children from the effect of armed conflict) နှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ပိတ်ပင် တားမြစ်ခြင်း နှင့် လိင်ကွဲပြားမှု အပေါ် ခွဲခြားဖိနှိပ် ဆက်ဆံမှုများ အဆုံးသတ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ (Deed of commitment under Geneva Call for the prohibition of several violence in situations of armed conflict and towards the elimination of gender discrimination) နှင့် ပါတ်သက်သည့် စာချွန် လွှာများ ဖြစ်ပါသည်။  

ယင်းစာချုပ် လက်မှတ် ရေးထိုး ပွဲသို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ဦးဆောင်ပြီး၊ စစ်ဦးစီးချုပ် (GOC) ဗိုလ်ချုပ်ကြီး ဂျော်နီတို့ တက်ရောက် လက်မှတ် ရေးထိုးမည် ဖြစ်သည်။ Geneva Call ဖက်မှ (Rascal Bongard, Jonathan Somer, Reno Meyer and Christopher Rush တို့က လက်မှတ် ရေးထိုးမည်ဖြစ်သည်။

ဤလက်မှတ် ရေးထိုးပွဲသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အနေနှင့် လိုက်နာသွားမည့် ဂတိခံ ၀န်စာချုပ် လက်မှတ် ရေးထိုးပွဲဖြစ်ပါသည်။

ဤသို့ကြောင့် စာချုပ်ချုပ်ဆိုပွဲကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ခေါင်းဆောင်များနှင့် ကရင်ပြည်နယ် ၀န်ကြီး များကိုပါ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူထု အခြေပြု အဖွဲ့အစည်း များကိုလည်း ဖိတ်ကြားထားကြောင်း ဆိုပါသည်။

Geneva Call သည် ကုလသမဂ္ဂ္ဂ၏  အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများ အနက်၊ ကလေး အခွင့်အရေးနှင့် မြေမြုပ်မိုင်း ဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။ ၄င်းတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သော  မွန်ပြည်သစ်ပါတီ (NMSP)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့နှင့် စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် အခြား စာချုပ် မချုပ်ရသေးသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့်လည်း အပြန်အလှန် နားလည်မှု ရရှိနေပြီး ဖြစ်ကြောင်း၊ ၄င်းတို့၏ လုပ်ထုံးလုပ်နည်းအရ စာချုပ်မချုပ်ဆိုနိုင်ခင် ထုတ်ဖေါ်ပြောဆို လေ့ မရှိသည့် အတွက် မည်သည့် အဖွဲ့အစည်းနှင့် သဘော တူညီချက် ရရှိထားသည်ကို ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။

Most read this week