အမ်း-စစ်တွေ ရထားလမ်း စတင် ဖေါက်လုပ်

အမ်း-စစ်တွေ ရထားလမ်း စတင် ဖေါက်လုပ်
ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် အမ်းမြို့အကြား ဆက်သွယ်မည့် ရထားလမ်းကို စစ်တွေဘက်မှ နေပြီး စတင် ဖေါက်လုပ်နေပြီ ဖြစ်သည်။ စစ်တွေမှ ကျောင်းသား တဦးက “ ရထားလမ်းကို စစ်တွေ ဘူတာဆိုတဲ့ စာတန်းရေးထိုးထားတဲ့ နေရာကနေ စတင် ဖေါက်လုပ်နေ ...

ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် အမ်းမြို့အကြား ဆက်သွယ်မည့် ရထားလမ်းကို စစ်တွေဘက်မှ နေပြီး စတင် ဖေါက်လုပ်နေပြီ ဖြစ်သည်။

စစ်တွေမှ ကျောင်းသား တဦးက “ ရထားလမ်းကို စစ်တွေ ဘူတာဆိုတဲ့ စာတန်းရေးထိုးထားတဲ့ နေရာကနေ စတင် ဖေါက်လုပ်နေပါပြီ။ စစ်တွေ ဘူတာကိုလည်း ဆောက်လုပ် နေပါပြီ။ သူတို့ ပထမပိုင်း အနေနဲ့ ၂၄ မိုင်အကွာအဝေးရှိတဲ့ ပုဏ္ဍားကျွန်းမြို့ကို စတင်ပြီး ဖေါက်တာပါ။” ဟု ပြောသည်။

စစ်တွေဘူတာမှာ စစ်တွေမြို့ အပြင်ဘက် ရေချမ်းပြင်ကျေးရွာ ဘက်တွင် ထားရှိမည်ဟု သိရသည်။

ယခုအခါ စစ်တပ် ဆောက်လုပ်ရေး တပ်ဖွဲ့မှ အဆိုပါ ရထားလမ်းကို တည်ဆောက်နေပြီး တပ်မတော်နေ့ မတိုင်မှီ မိုင်တိုင်အနည်းငယ်ထိ ရထားပြေးဆွဲနိုင်ရန် ရထားလမ်းကို ဖေါက်လုပ်နေခြင်း ဖြစ်သည်ဟု အဆိုပါ ကျောင်းသားက ပြောသည်။ ရခိုင်ပြည်နယ်မှာ ရထားလမ်း မရှိသော ပြည်နယ် တခုဖြစ်သော်လည်း ယခုအခါမှ မည့်သည့်အတွက်ကြောင်း ရထားလမ်းကို အပူတပြင်း နအဖ စစ်အစိုးရမှ ဖေါက်လုပ်ရန် လိုလားနေသည်ကို သူ မသိရှိပါကြောင်း အဆိုပါ ကျောင်းသားမှ ပြောသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးကလည်း “ ရထားလမ်းဖေါက်ပေးတယ်ဆိုတော့ သာမန် ရခိုင် ပြည်သူတွေက ပျော်ကြတာပေါ့။ ရန်ကုန်-စစ်တွေကို သွားနေတဲ့ ဘတ်စ်ကားတွေတောင် ခရီးသည်မပါဘူး။ ဒီရထားကို ဘယ်သူတွေက လာစီးမှာလဲ။ စိတ်ကူးပေါက်ရင် ထင်ရာ လုပ်တဲ့ အစိုးရဆိုတော့ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲမှာ ရခိုင်ပြည်သူတွေ ထောက်ခံမူရအောင် လုပ်တာကလွဲပြီး တခြား မဖြစ်နိုင်ပါဘူး။” ဟု ပြောသည်။

စစ်အစိုးရမှ စစ်တွေ-အမ်း ရထားလမ်းမှ တဆင့် မြန်မာပြည် အနောက်ဘက်ခြမ်းနှင့် ဆက်စပ်ပြီး စီးပွားရေး ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျေညာထားသည်။

Most read this week