မြန်မာဖက်သို့ ပို့ဆောင် နေသော လက်နက် မှောင်ခိုအဖွဲ့ ထိုင်းဖမ်းမိ

မြန်မာဖက်သို့ ပို့ဆောင် နေသော လက်နက် မှောင်ခိုအဖွဲ့ ထိုင်းဖမ်းမိ
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မယ်ဟောင်ဆောင် ခရိုင်၊ မယ်ဟောင်ဆောင် မြို့နယ်၌ လက်နက် မှောင်ခိုမှု တစ်ခုကို ပြီးခဲ့သည့်တနင်္လာနေ့ မနက်ပိုင်းမှာ ဖမ်းဆည်း ရမိသည်ဟု ခရိုင် အုပ်ချုပ် ရေးမှူးများက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ထုတ်ဖေါ် ပြသ ခဲ့ပါသည်။

ထိုင်းတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် ထိုင်းတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓါတ်ပုံ - အင်တာနက်)

ဤလက်နက် မှောင်ခို မှုကို ဇူလိုင်လ ၁၅ နံက်ပိုင်း (၂) နာရီတွင် ထိုင်းအမှတ် ၃၃၆ နယ်ခြား စောင့်တပ်မှ မယ်ဟောင်ဆောင် မြို့ ဗါန်မူတိုက်နယ်ဗါန်းကုမ် မိုင်းဇာဒ်ကျေးရွာရှိ အိမ်အမှတ် ၈၈/၅ အား  ဝင်ရောက် စီးနင်းရာမှ ဖမ်းဆည်းခဲ့ခြင်း ဖြစ်ပါသည်။  ယင်းအမှုတွင် လက်သည်အဖြစ် လက်နက်ခဲယမ်းမီး ကျောက်များ သယ်ဆောင်လာသည့် ထိုင်းရဲ ဝန်ထမ်းဟောင်း တစ်ဦးနှင့် အဖော် တစ်ဦးကို ဖမ်းဆီး ထားသည်ဟု ခရိုင်အမှတ် (၃) ရဲစခန်းမှ ထုတ်ပြန် ကြေငြာခဲ့ပါသည်။

ဖမ်းဆီး ရမိထားသည့် စစ်ပစ္စည်းများမှာ မြေပြင်မှ ဝေဟင်သုံး တစ်ခါပစ် SAM အမြောက်နှင့် (၄) လက်၊AK 47 ကျည်ဆံ ၃၆,၀၀၀ တောင့်၊ M16  ကျည်ဆံ ၃၁,၆၀၀ တောင့်၊ ရ.၂ ကာဗိုင် ကျည်ဆံ ၂၇,၀၀၀ တောင့်ဖြစ်ကြောင်း National News Bureau of Thailand   ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထိုဖမ်းဆီး ရမှုနှင့် ပတ်သက်၍ မယ်ဟောင်ဆောင် ခရိုင်ဝန်မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ယခုဖမ်းမိသည့် လက်နက်မှောင်ခိုမှု၌ အုပ်စုဖွဲ့ပြီး ရောင်းဝယ်နေကြမည်ဟု ယုံကြည်ကြောင်း ဆိုသော်လည်း အသေးစိတ် ထုတ်ဖေါ်ပြော ဆိုခြင်း မရှိသေးပေ။

မယ်ဟောင်ဆောင် ဒေသသည် တရားမဝင် လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လူကုန်ကူးမှုများဖြစ်ပွားမှု အများဆုံး ဒေသဟု ဆိုနိုင်ပါသည်။ မကြာခဏ ဖမ်းဆီးရမိပြီး အထူးသဖြင့် ထိုင်းနိုင်ငံသားထက် မြန်မာနိုင်ငံသား များက ပိုပြီး အဖမ်းခံရခဲ့ပါသည်။

ဖမ်းဆီး ရရှိထားသော လက်နက် များသည် မြန်မာနိုင်ငံ ဖက်ခြမ်းရှိ မိုင်းမော့ မြို့နယ်ရှိ လက်နက် ကိုင်သော မြန်မာ အတိုက်အခံ များအား ပေးပို့ရန် ဖြစ်ဖွယ် ရှိသည်ဟု ထိုင်းထောက်လှမ်း ရေးများက ဆိုပါသည်။

Most read this week