မွန်ပြည်သစ် ပါတီ (NMSP) ၏ မြိတ်ခရိုင် အခြေစိုက် တပ်ဖွဲ့နှင့် အစိုးရ ခမရ (၅၈၁) တပ်ဖွဲ့တို့ တမြန်နေ့ ဇူလိုင် (၁၆) ရက်နေ့ ပစ်ခတ် မှုတွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် အပါ အဝင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာတို့နှင့် ညှိနှိုင်းပြီး အဖြစ်မှန် ဖော်ထုတ် နိုင်ရန် ရှိသည်ဟု NMSP ၏ နိုင်ငံခြားရေးနှင့် မဟာမိတ် ဆက်ဆံရေး ရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ဉာဏ်ထွန်းမှ ဆိုပါသည်။
“အဖြစ်မှန်ကို ကျနော်တို့ရဲ့ ဒေသခံ တပ်မှူး ဆီက အချက်အလက်နဲ့ အရှေ့တောင်တိုင်းကို တင်ပြ ထားပါတယ်၊ အဲဒီလို ပါဘဲ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ နဲ့လည်း တင်ပြ ထားတဲ့ အတွက် အဖြစ်မှန် ကိုတော့ မကြာခင် သိရမှာပါ” ဟု ဆိုပါသည်။
တမြန်နေ့ ဇူလိုင် (၁၆) ရက်နေ့ ပစ်ခတ် မှုတွင်မွန်ပြည်သစ် ပါတီမှနိုင်ရှိန် (၄၀) နှစ်နှင့်နိုင်ချမ်းမွန် (၂၀) နှစ်တို့ကျဆုံး ခဲ့ ပြီး အစိုးရ ဖက်မှ တပ်ကြပ်ကြီး စိုးနောင် ကျဆုံးပြီး လေးဦး ဒဏ်ရာ ရရှိ ခဲ့သည်။
ယခု လာရောက် တိုက်ခိုက် ခဲ့သော အစိုးရ တပ်များသည် တနင်္သာရီတိုင်း ခမောက်ကြီး အခြေစိုက် အမှတ်(၂၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက် ခံမှ ဖြစ်ပြီး ကျောက်ထနောင်း ကျေးရွာ အခြေစိုက် ခမရ ၅၈၁ မှ ဗိုလ်ကြီး နေမျိုး ဦးဆောင်သော တပ်ဖွဲ့ ဖြစ်ပါသည်။
တိုက်ခိုက် ပြီးသည့် နောက်ပိုင်း တွင်လည်း ခလရ (၂၂၄) (၂၂၈) နှင့်ခမရ (၅၈၁) စုပေါင်း စစ်ကြောင်း များဖြင့် ထပ်မံရှင်း လင်းခဲ့ပါသည်။ မွန်ပြည်သစ် ပါတီ တပ်များ ကမူ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခြင်း မရှိစေရန် နောက်ဆုတ် ပေးလိုက် သည်ဟု ဒေသခံ တပ်မှူးက ဆိုပါသည်။
အစိုးရ တပ်များသည် ယင်းတိုက်ခိုက် မှုကိုမွန်ပြည်သစ် ပါတီမှခွဲထွက် ထားသော ဗိုလ်မှူးပန်းညွှန့်ဦးဆောင် သည့်တပ် ဖွဲ့အား တိုက်ခိုက် ခဲ့ခြင်းသာ ဖြစ်သည်ဟု အကြောင်းပြ ထားပါသည်။
မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ များသည် ထိုင်းတောင်ပိုင်း ပရာဂျွဇ် ခီရီခန်ခ ရိုင်ရှိ ဗာန်စဖန်နွဲ့ (တံတားလေး ကျေးရွာ)နှင့်ဗန်စဖန်ယိုင်း (တံတားကြီး ကျေးရွာ) အကြားတွင် သုမင်္ဂလံ ကျေးရွာကို တည်ပြီး အခြေချ ထားပါသည်။ မွန်ပြည်သစ် ပါတီမှ ခွဲထွက် ထားသော တပ်ဖွဲ့သည် ၄င်းကျေးရွာနှင့် ကီလိုမီတာ (၄၀) ခန့် ကွာဝေးသည့် အတွက် မှားယွင်း တိုက် ခိုက်မှု မဖြစ်နိုင်ကြောင်း NMSP ဒေသခံ တပ်မှူးက ဆိုပါသည်။
မွန်ပြည်သစ် ပါတီသည်၊ ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နယ် ထိုင်းမြန်မာ နယ်စပ် တွင် အခြေချ လာခဲ့ ပါသည်။ ၁၉၉၆ ခုနှစ်တွင် ဒုရင်းမှူး ချမ်းတုံ ဦးဆောင်ပြီး အစိုးရထံ လက်နက် ချခဲ့ ပါသည်။ ဤအချိန်မှ စပြီး ၄င်းဒေသ၌ မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ ဟူ၍ မရှိတော့ပေ။ သို့သော် ၂၀၁၀ ခုနှစ်တွင် ပြန်လည် အခြေချ လာရာမှ ယခုကဲ့သို့ တိုက်ခိုက် ခံရခြင်း ဖြစ်ပါသည်။