ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ် လာပါက ပြင်ပ နိုင်ငံကြီး များနှင့် အထင်ကရ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်များ ပါဝင် နိုင်ရန် UNFC မှ လိုလားကြောင်း UNFC ၏ လုပ်ငန်း အထောက် အကူပြု အဖွဲ့ ခေါင်းဆောင် ပဒိုမန်းမန်းက ပြောသည်။
ထိုသို့ ပါဝင် ရာတွင်လည်း UNFC ဘက်မှ လေ့လာ စောင့်ကြည့်သူ အဖြစ်သာ မဟုတ်ပဲ ကြားဝင် ဖြန်ဖြေ ပေးသူ အဆင့်ကို အစိုးရမှ ခွင့်ပြု ပေးသွားရန် ဆက်လက် ညှိနှိုင်း သွားမည် ဟုလည်း ဆိုပါသည်။
“ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် NBF ခေါင်းဆောင်တွေ၊ နောက် မွန်၊ ရခိုင်အပြင် တခြား အထင်ကရ ခေါင်းဆောင်တွေ ဖိတ်ဖို့ အဓိက စဉ်းစား ထားတဲ့ အထဲမှာ ပါပါတယ်။ တစ်ဘက်ကို တစ်ဘက် ယုံကြည်မှု ရဖို့ ယုံကြည်မှု တည်ဆောက် ဖို့က နှောင့်နှေး ကြန့်ကြာ မှုကို ဖြေလျော့ဖို့ အတွက် ကြားဝင် ဖြန်ဖြေ မှုက မဖြစ်မနေလိုအပ် တယ်လို့ ကျနော်တို့ လက်ခံတယ်” ဟု ပဒို မန်းမန်းမှ ဆိုပါသည်။
UNFC မှ ဒေါ်အောင်ဆန်းစုကြည်အား အထင်ကရ ပုဂ္ဂိုလ် အဖြစ်၄င်း၊ လူထု ဒီမိုကရေစီ ခေါင်းဆောင် အဖြစ်လည်းကောင်း၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီ တစ်ဦး အဖြစ်လည်းကောင်း လက်ခံ ယုံကြည် ထားပါသည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲ ရေးကို ဆောင်ရွက် နေသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရ အဖွဲ့နှင့်လည်း နားလည်မှု အတိုင်းအတာ တစ်ခု အထိ ရထားပြီး ဖြစ်ကာ လွှတ်တော်၌လည်း ပါဝင် လာနိုင်ပြီ ဖြစ်သဖြင့် ယခု ငြိမ်းချမ်းရေး ကိစ္စ ရပ်များ၌လည်း ပါဝင် စွမ်းဆောင် နိုင်မည်ဟု UNFC မှ သုံးသပ် ထားပါသည်။
ထို့ပြင် တိုင်းရင်းသား အဖွဲ့များမှ ယခင် ကတည်း ကပင် ဒေါ်အောင်ဆန်း စုကြည်နှင့် စာ အဆက်အသွယ် ရှိကြကာ ဒေါ်အောင်ဆန်း စုကြည်မှ နှုတ်အရရော စာအရပါ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား အခန်းကဏ္ဍ များနှင့် ပတ်သက်၍ တတ်စွမ်းသမျှ ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့မှုမျိုး ရှိခဲ့သည်ဟု ပဒိုမန်းမန်းမှ ပြောသည်။
“ကျနော်တို့ ဖိတ်ခေါ်ချက်ကို ငြင်းဖွယ်ရာ မရှိဘူးလို့ ယုံကြည်တယ်။ သူအနေနဲ့ ဝမ်းမြောက် ဝမ်းသာ ကြိုဆို လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ၄င်းမှ ဆိုပါသည်။
ထပ်မံ၍လည်း တတိယ အင်အားစု၌ ပါဝင်မည့် နိုင်ငံများ အဖြစ် ထိုင်း ၊ တရုတ်၊ အိန္ဒိယ၊ US၊ UK၊ Canada၊ Japan ကဲ့သို့ နိုင်ငံ များကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါဝင် တက်ရောက် နိုင်ရန် ဖိတ်ကြား သွားရန် ရှိနေပါသည်။ သို့မှ သာလျှင် ဆွေးနွေးပွဲ၌ နိုင်ငံ တစ်ခုခု၏ သြဇာ လွှမ်းမိုးမှုကို ထိန်းညှိ နိုင်မည်ဟု ဆိုပါသည်။
ထိုသို့ နှစ်ဖက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် အတွက် ပထမ အဆင့် နှစ်ဖက် လုပ်ငန်း အထောက် အကူပြု အဖွဲ့ တို့သည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့က တစ်ကြိမ် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။ ထပ်မံ၍လည်း ဇူလိုင်လ (၂၀) ရက်နေ့ နောက်ပိုင်းတွင် တွေ့ဆုံဖွယ် ရှိသည်ဟု နှစ်ဖက် ထုတ်ပြန် ပြောကြားချက် များအရ သိရသည်။
သို့ရာတွင် ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက် နှစ်ဖက် လုပ်ငန်း အထောက်အကူပြု အဖွဲ့များ တွေ့ဆုံ ခဲ့ကြရာ၍ အစိုးရ ဘက်မှ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြ ခဲ့သည်။ ၄င်းနောက်မှ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နိုင်ရန် ဆက်လက် လုပ်ဆောင် သွားခြင်းမျိုး အစိုးရ ကိုယ်စားလှယ် များက တင်ပြ ခဲ့ကြသည်။
နှစ်ဖက် အကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် ဆိုသည့် ကိစ္စသည် နှစ်ခုစလုံး အရေး ကြီးသည့် အရာ ဖြစ်ကာ ထိုနှစ်ခုသည် တစ်ခုပြီးမှ အခြား တစ်ခုကို ဆောင်ရွက် သွားရန် ဆိုခြင်းထက် တစ်ပြိုင်နက် အကောင်အထည် ဖော်သင့်သည့် လုပ်ငန်း ဖြစ်သည် ဟုလည်း ပဒို မန်းမန်းမှ ထောက်ပြကာ ပြောကြား သွားသည်။