၈၈ မျိုးဆက် ကျောင်းသားခေါင်ဆောင်များနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တို့ ဇူလိုင်လ ၁၄ ရက်က တွေ့ဆုံစဉ် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအမြင်များကို ဆွေးနွေးခဲ့သည်ဟုကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
“ကျွန်တော်တို့တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားရုံလောက်နဲ့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး။ အပစ်အခတ် ရပ်စဲရေးအဆင့်လောက်ဘဲ ထားထားမယ်ဆိုရင်တော့ ဘယ်လိုမှ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက် လာမှာ မဟုတ်ဘူး။ အချိန်မရွေး ပြန်ပျက်သွားနိုင်တယ်။ နိုင်ငံရေး ဖြေရှင်းပွဲတွေ ဆက်တိုက် လုပ်ဖို့ တိကျခိုင်မာတဲ့ Road map တစ်ခု ရှိဖို့လိုတယ်ဆိုတာ အခြေခံအားဖြင့် ဆွေးနွေးဖြစ်တယ်” ဟု မဇိ်္စျမကို ပြောသည်။
UNFC ဥက္ကဌ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုဥက္ကဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အင်ဘန်လ တက်ရောက်သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၈၈ ကျောင်းသားများအနေဖြင့် မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲတွင်ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဘန်ကောက်၊ မဲဆောက်နှင့် ချင်းမိုင်မြို့ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ယခုကဲ့သို့ တွေ့ဆုံခွင့်ရခြင်းအပေါ် ကျေနပ်မှုရှိသည်ဟု ကိုုမြအေးက ပြော သည်။
“ကျွန်တော့် စိတ်ထဲမှာတော့ အဖွဲ့အစည်းတွေ ကွဲပြားနေပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်တစ်ခုပေါ်မှာ တစ်လမ်းထဲ လျှောက်နေတဲ့ လူတွေလို့ဘဲ မြင်တယ်။ အဲဒါကြောင့် ပိုပြီး အားရ ကျေနပ်တယ်၊ ကျွန်တော် အရမ်းလေးစားပါတယ်” ဟု ကိုမြအေးက ပြောသည်။
ရန်ကုန်မြို့ MCC တွင် လာမည့် သြဂုတ်လ ၆ ၊ ရ ၊ ၈ ရက်နေ့များတွင် သုံးရက်ကြာ ၂၅ နှစ်မြောက် ရှစ်လေးလုံးငွေရတုအခမ်းအနား ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး ဟူသော အခြေအနေအောက်တွင် ခေါင်းစဉ် ခြောက်ခု ခွဲ၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ UNFC အဖွဲ့ဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့က ဖိတ်ကြားထားသေးသည်။ UNFC အနေဖြင့် ထိုအခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိကြောင်း အစုုိးရနှင့် အပစ်အခတ် ရပ်စဲထားသော UNFC အဖွဲ့ဝင်များကမူ တက်ရောက်နိုင်သည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။