သျှမ်းမြောက်နမ္မတူဘက် မြန်မာစစ်တပ်အင်အားဖြည့် မူးယစ်တိုက်ဖျက်ရေးအတွက်အဟန့်အတားဖြစ်

သျှမ်းမြောက်နမ္မတူဘက် မြန်မာစစ်တပ်အင်အားဖြည့် မူးယစ်တိုက်ဖျက်ရေးအတွက်အဟန့်အတားဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးလက်ဒေသတချို့အတွင်း မြန်မာစစ်တပ် ဝင်ရောက်လှုပ်ရှား  သောကြောင့် ဒေသအတွင်း ကိုယ့်အားကိုယ်ကိုး မူးယစ်တိုက်ဖျက်ရေးအဖွဲ့တို့ မူးယစ်တိုက်ဖျက်ရန် အခက် အခဲတွေ့နေရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ မြန်မာစစ်တပ်အားဖြည့်လှုပ်ရှားလာတယ်ဆိုတော့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့တွေက လွတ်လွတ်လပ် လပ်သွားလာလှုပ်ရှား လို့မရတော့ဘူးလေ။ ဆေးသမားတွေ ပျော်တာပေါ့။ မြန်မာစစ်တပ်က အင်အား ၂၀၀ လောက်ရှိတာ။ နားဆိုင်းရွာထဲ ဘုန်းကြီးကျောင်းတွေမှာ လာပြီးစခန်းချတာ တပတ်ရှိပြီ” ဟု နမ္မတူဒေသခံ စိုင်းခမ်းက ပြောသည်။

 ယခုလ ၃ ရက်နေ့ နားဆိုင်း မန်စံရွာအတွင်း မူးယစ်ဆေးသုံးစွဲရောင်းဝယ် သူများအား လိုက်လံဖမ်းဆီးပြီး နောက်ပိုင်း ထိုသို့ မြန်မာစစ်တပ်မှ အင်အားတိုးချလှုပ်ရှားလာခြင်းဖြစ်ကြောင်း၊ မူးယစ်ရှင်းလင်းရေးအဖွဲ့ လှုပ်ရှားရန် အတားအဆီးသဖွယ်ဖြစ်နေကြောင်း အဖွဲ့ဝင်လူငယ်များကပြောသည်ဟု စိုင်းခမ်းကပြောသည်။

ဂျွန်လနှောင်းပိုင်းက သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်အုပ်စုအတွင်း မိုင်းနင်းမိသော မြန်မာ စစ် ကြောင်း ယခုလဆန်းပိုင်းအင်အားဖြည့်ကာ ထပ်မံလှုပ်ရှားလာရာ ရပ်ရွာများအတွင်း ဝင် ရောက်စခန်းချ လှုပ်ရှား နေကြောင်း ဆိုပါသည်။

“ ဂျွန်လ ၂၈ ရက်က မြန်မာစစ်တပ် မိုင်းယင်အုပ်စု နားဆိုင်းရွာဘက်မှာ မိုင်းနင်းမိတယ်။ တယောက်သေတယ်။ ဂျူလိုင်လ ဆန်းကျတော့ အင်အားဖြည့်ပြီး သျှမ်းတပ်ဖွဲ့နောက်ကိုပြန်လိုက်တယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ ဗမာဘက်က ၂ ယောက်ထပ်သေတယ်။ ဆိုတော့ ဒီဘက်မှာ အခြေအနေက တင်းနေတယ်” ဟု ဒေသခံ ဦးလုံးနု ကလည်းပြောပြသည်။

ထို့အပြင် ၎င်းတို့သွားရာလမ်းတလျှောက် ရပ်ရွာသူကြီးများအား ဖမ်းဆီးခေါ်ဆောင်လမ်းပြခိုင်းကြောင်း စိုင်းခမ်းကပြောပြသည်။ ဒေသခံများ လယ်တောဆင်းရာတွင်လည်းကောင်း ရပ်ရွာအတွင်း တွင်လည်းကောင်း လူ့အခွင့်အရေးချိုးဖောက်မှုကိုတော့ မကြားရသေး၊ သို့သော် သတိနှင့်သွားလာနေရကြောင်း  နမ္မတူမြို့ခံ လူငယ်တဦးကလည်း ပြောဆိုပါသည်။

နားဆိုင်းရွာသည် မိုင်းယင်အုပ်စုအတွင်းတည်ရှိပြီး နမ္မတူ-လားရှိုးလမ်းတွင်တည်ရှိပါသည်။  လားရှိုးမြို့နှင့် မိုင် ၂၀ ၊ နမ္မတူမြို့နှင့် ၂၄ မိုင် ကွာဝေးပါသည်။ မိုင်းယင်အုပ်စုအတွင်း ဒေသခံလူငယ်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကိုယ်ထူကိုယ်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဖွဲ့စည်းကာ လှုပ်ရှားတိုက်ဖျက်လာခဲ့သည်မှာ ထိရောက်မှုရှိလှကြောင်း သတင်းရရှိပါသည်။

Most read this week