ရခိုင်ပြည်နယ်တွင် အမြင်မတူသော လူအုပ်စုနှစ်ခုကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများပြီးနောက် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်လလျှင် လူသတ်မှု ၁၀ မှုနှုန်းကျော် ဖြစ်ပွားလျှက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ပြည်နယ်ဥပဒေ အုပ်ချုပ်ရေးမှူးဦးလှသိန်းက မဇ္ဈိမကို ပြောသည်။
ထိုလူသတ်မှုများသည် ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများက နေအိမ်များတွင် အိမ်တွင်းသုံး မဟုတ်သော တုတ်၊ ဓားနှင့်လက်နက်များ အသင့်ဆောင်လာကြသလို အရက်သေစာသောက်သုံးသူများလည်း ယခင်ထက် ပိုများလာကြခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်း ဦးလှသိန်းက သုံးသပ်ပြောကြားသည်။
“အများစုက နှစ်ဖက် မယုံကြည်ကြတဲ့အတွက် အိမ်တွေမှာ အပိုဆောင်ထားတဲ့ တုတ်၊ ဓားတွေ ရှိတယ်။ လမ်းခရီးသွားရင် ဓားအတိုတွေ ဆောင်တာမျိုး လုပ်ကြတယ်” ဟု အခြေအနေကို သူက ရှင်းပြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကလည်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပြီးနောက် အမှုအခင်းများ တက်လာကြောင်း ပြောသလို၊ ထိုပြည်နယ်တွင် တစ်လလျှင် လူသတ်မှု ၁၀ မှုနှုန်း ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရက ပြောလျှင် မှန်ကန်ကြောင်း ထပ်ဆင့် အတည်ပြုသည်။
ဗိုလ်မှူးချုပ်ကျော်ဇံမြင့်သည် အစိုးရက ဖွဲ့ပေးထားသည့် ၂၀၁၂ မေနှင့် ဇွန်က ဖြစ်ပွားခဲ့သည့် ရခိုင်ပဋိပက္ခများ၏ဖြစ်ရပ်မှန်စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်ဟု သိရသည်။
မြို့နယ် ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်တွင် တစ်နှစ်လျှင် လူသတ်မှုကြောင့် သေဆုံးရသူ ၁၂၀ ခန့်ရှိပြီး အများစုမှာ ရခိုင်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်သည်ဟုလည်း သူက ဆိုသည်။ ထို့ပြင် ယင်းလူသတ်မှုများကြောင့် အပြစ်ပေးခံရသည့် တရားခံမှာ ၁၅၀ မှ ၁၆၀ ခန့်အထိ ရှိသဖြင့် ၎င်းတို့ကို မှီ ခိုနေကြသည့် အိမ်ထောင်စုဝင် လူဦးရေ ထောင်ဂဏန်းခန့်မှာလည်း နစ်နာကြရသည်ဟု ဦးလှသိန်းက ထောက်ပြသည်။
ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက ယခုကဲ့သို့ ပြည်နယ်အတွင်း လူသတ်မှုများ ဖြစ်ပွားနေသည်ကို လျော့ပါးစေရေးအတွက် “ပညာရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ကို အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့လိုတယ်။ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ဒီပြဿနာကိုပဲ လူတိုင်း အာရုံစိုက်နေတဲ့အခါ ပညာရေး၊ စီးပွားရေး အခြေခံလိုအပ်ချက်တွေ မဖြည့်ဆီးနိုင်ကြဘူး။ နောက်ပြီး လူပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ ဒါတွေကို အဓိက ဖြေရှင်းရမယ်”ဟု မှတ်ချက်ပြုသည်။
သူက “အစိုးရကလည်း လုပ်နိုင်သလောက် လုပ်နေသလို၊ ကိုယ်တိုင်ကလည်း လိုလားဖို့လိုတယ်”ဟု လည်း ဆက်ပြောသည်။
ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးကလည်း “ရခိုင်ပြည်နယ်က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဒေသဖြစ်တယ်။ စိုက်ပျိုးမြေအများစု စိုက်လို့မရကြဘူး။ အလုပ်လက်မဲ့ ဖြစ်နေသူတွေများတယ်။
နှစ်ဖက် ပဋိပက္ခဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ စားဝတ်နေရေး ပညာရေး စီးပွား ရေး ဖြေရှင်းပေးပြီးမှ တစ်ဆင့်ချင်း အစိုးရက အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပြီးတော့ လုံံခြံုရေး အပြည့်အဝရရှိဖို့ ဥပဒေစိုးမိုးဖို့ လိုပါတယ်။ မဟုတ်ရင် ဒီလိုပြဿနာတွေက ရခိုင်လူ့အဖွဲ့အစည်းမှာ ရှိနေဦးမှာပါ” ဟု ပြောသည်။