လောပိတ ရေအားလျှပ်စစ်စက်ရုံနှင့် ဘီလူးချောင်းအနီးတွင် တည်ရှိနေတဲ့ ဒေသခံကျေးရွာများ ယခုအချိန်အထိ လျှပ်စစ်မီးအပြင် ရေလုံလောက်မှုမရတဲ့အခက်အခဲ ပြဿနာတွေနဲ့ ကြံုတွေ့နေကြရသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
လောပိတကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေဟာ ဘီလူးချောင်းကရေကို အဓိက အားကိုးအားထား သုံးစွဲ နေကြရတာဖြစ်ပါတယ်။ ဘီလူးချောင်းရေကို စက်ဖြင့် ကျေးရွာအတွင်းတွင် ပိုက်များသွယ်ယူပြီးရေလှောင်ကန် မှတဆင့် အသုံးပြုကြရပါတယ်။
ရေအဆင်ပြေစွာ ရနိုင်ရန်အတွက် သက်ဆိုင်ရာဌါနကို တင်ပြသော်လည်း အမှန်တကယ် လိုအပ်နေသည့် အောက်ခြေအဆင့်ထိ မည်သည့်အကူအညီမှ မရရှိသေးကြောင်း လောဓလေးရွာမှ ဒေသခံ ဦးစိုးရယ်က ယခုလို ပြောပါတယ်။
“ဒီမှာက မီးမရှိတာတို့၊ ကျန်းမာရေးတို့ လုံခြံုရေးတို့ နောက်ရေမရှိတာတို့ပေါ့ အဲဒီ အဓိကကျန်းမာရေးက ရေပဲကော အခုက ရေမရှိတော့ မလွယ်ဘူးလေး။ ဟိုတနေ့က လူကြီးတယောက် လာမေးတဲ့အခါကျတော့ 1 ရော 2 ရော 3 ရော (လောပိတရေအားလျှပ်စစ်အမှတ် ၁၊ ၂ ၊ ၃) ခင်ဗျားတို့ကို ဘာကူညီလဲလာမေးတော့ တချို့လူကြီးတွေက ကူညီတယ်လို့ ပြောကြတယ်။ သူအဲလိုပြောတဲ့အခါကျတော့ တကယ်တမ်းတော့ ဦးလေးတို့အနေနဲ့ အကူအညီမရသေးပါဘူး”
ယခုအခါ ဘီလူးချောင်းရေ နည်းပါးလာတာနဲ့အမျှ လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက်ကိုသာ ဦးစားပေး လွှတ်ပေးနေရတာကြောင့် လောပိတရေအားလျှပ်စစ်စက်ရုံအနီးမှာရှိ ဘီလူးချောင်းရေကို အသုံးပြုနေကြတဲ့ ဒေသ ခံတွေမှာ ရေပေးဝေမှု လျော့နည်းလာတာနဲ့ ကြံုတွေနေကြရတာဖြစ်တယ်လို့ ဦးစိုးရယ်က ပြောပါတယ်။
ယခုလို ရေလုံလုံလောက်လောက် မပေးဝေနိုင်တော့တဲ့အတွက် ဒေသခံရွာသားများမှာ ရေပေးဝေတဲ့ ရေလှောင်ကန်သို့ နေ့စဉ်နှင့်အမျှ အလုအယက် သွားရောက်ခပ်ယူကြရပါတယ်။
ဦးစိုးရယ်က “အခက်ခဲတော့တွေ့တာပဲ၊ ဒုက္ခရောက်နေတာပဲ၊ ရေခတ်ရတာ တစ်ယောက်နဲ့တစ်ယောက် စကားများတာ၊ ရေမရှိလို့ စကားများတာ၊ လုကြတာ ပြုကြတာပဲ၊ မင်းကခတ်ချင်တယ် ငါကခတ်ချင်တယ် မင်းကဘယ်လို ငါကဘယ်လို လုပ်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရေမရှိလို့၊ နောက် ကျန်းမာရေးတို့ ပြောရင်းဆိုရင်း မပြောကောင်းမဆိုကောင်း အိ်မ်သာတို့ဘာတို့ ဘယ်လိုလုပ်မှာလဲ၊ အဓိက ကျန်းမာရေးက ရေပဲကော၊ သန့်သန့်ရှင်းရှင်းနေပေ့ါ၊ မီးလောင်တို့ ဘာတို့ ရေမရှိရင် ဘာနဲ့သွားလုပ်မှာလဲ၊ ရေသောက်ဖို့တောင် မလွယ်ဘူး ၊ ရှိသမျှစက်ရုံက ဟို စက်ရုံထဲရောက်ကုန်တယ် ရေက” လို့ ပြောပါတယ်။
မိုးရာသီထဲရောက်လာပြီဖြစ်ပြီး ယခင်နှစ်တွင် မိုးရေခံယူလို့ရနိုင်ပေမယ့် ဒီနှစ်မှာ မိုးရွာသွန်းမှု နည်းပါးသဖြင့် မိုးရေရရှိခြင်း မရှိပါဘူး။ ရေလှောင်ကန်တွေ ရှိနေသော်လည်း တချို့ရေလှောင်ထားတဲ့ အုတ်ကန်တွေမှာ ရေမလာလို့ ခြောက်ကပ်နေ တာကိုလည်း တွေ့ရပါတယ်။
ရေလုံလုံလောက်လောက်မရတဲ့ လောဓလေးရွာမှ ဦတူရယ်က "ရေပေးတဲ့အခါ တနာရီနှစ်နာရီလောက်ပဲပေး တော့ ကျနော်တို့က လူတွေအများကြီးပဲ အဲဒီမှာပဲ ကုန်သွားတယ်။ လူတိုင်းက ဒီလိုပဲလုခပ်နေရတာပေါ့၊ ရေလှောင်ကန်က နှစ်လုံးရှိတယ်။ တခါမှမပြည့်ဘူး ရေက လာလိုက်မလာလိုက် အဲလိုဖြစ်နေတာ။ အဲဒါကြောင့် မလုံလောက်ပါဘူး" လို့ ပြောပါတယ်။
ယခုလို ရေကိုမလုံမလောက်သုံးစွဲနေကြတာ နှစ်ပေါင်း ၃၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ ရေကိုလုံလောက်စွာမရရှိ ပေမယ့်လည်း တလလျှင် တအိမ်ထောင်ကို ရေသုံးစွဲတဲ့နှုန်းခ (၁၅၀၀) ကျပ် ပုံမှန်ဆောင်နေရကြောင်း သိရှိရပါတယ်။
လောပိတကျေးရွာအုပ်စုမှ လောဓလေးရွာကနေ မိနစ် နှစ်ဆယ်လောက် ဆိုင်ကယ်ဖြင့် ဆက်သွားမယ်ဆိုရင် လို့ရှိရင် ယခုအသစ်ဆောက်လုပ်ပြီးစီးတော့မည့် အမှတ် ၃ လောပိတရေအားလျှပ်စစ်စက်ရုံကို ရောက်မှာဖြစ်ပါတယ်။
အခုအချိန်မှာ လျှပ်စစ်မီးတိုင်တွေ ရွာအတွင်း ရောက်ရှိနေသော်လည်း မီတာမချပေးတဲ့အတွက်ယခုအချိန် အထိ ကျေးရွာအိမ်ခြေ ၈၀ ကျော်ရှိတဲ့ လောဓလေး(ကယား)ရွာမှာဆိုရင် အိမ်ခြေ ၃၀ လောက်သာ လျှပ်စစ်မီးသုံးစွဲခွင့်ရကြပါတယ်။
“မီးမရှိတော့ အခက်အခဲတွေတော့ တွေ့တာပေါ့။ အထူးသဖြင့် ကျောင်းသူ၊သား တွေအတွက်တော်တော် ဒုက္ခရောက်တယ်။ ဖယောင်းတိုင်တွေ ဓါတ်ခဲတွေ ထွန်းတဲ့အခါမှာ တအားကုန်တယ်” လို့ ပြောပါတယ်။
မကြာမီပြီးစီးတော့မှာဖြစ်တဲ့ အမှတ် ၃ ရေအားလျှပ်စစ်စက်ရုံမှာလည်း လျှပ်စစ်မီးတွေက ဒေသခံတွေကို ကျော်ပြီး တခြား တိုင်းနှင့်ပြည်နယ်ဘက်ကို ဖြန့်ဝေဖို့သာရှိတယ်လို့ ကြားသိနေရပါတယ်။
အခုလို ရေအားလျှပ်စစ်စက်ရုံနှင့် ဘီလူချောင်းအနီးဆုံးက ဒေသခံတွေရဲ့ဘဝက လျှပ်စစ်မီး ခံစားခွင့် မရရှိခဲ့ကြသည့်အပြင် ရေကိုလည်း လုံလုံလောက်လောက် မရရှိခဲ့ကြတဲ့ အတွက် တည်ငြိမ်စပြုလာတဲ့ နိုင်ငံရေး အပြောင်းအလဲ ကာလမှာတော့ ကိုယ်မြေကိုယ့်ရေက ထွက်တဲ့ သံယံဇာသအမွေအနှစ်ကို ခံစားခွင့်ရဖို့ လိုလာနေကြတာဖြစ်ပါတယ်။
"ကျနော်တို့ ဘိုးဘွားစဉ်ဆက်ကနေ ဆုံးရှူံးတဲ့ယာတွေ ဘယ်လောက်နာတုန်း။ ပေးတာလည်း မလုံမ လောက်ဖြစ်နေတယ်။ တကယ်ခွဲခြားပြီးပြောတာမဟုတ်ဘူး၊ ဟိုအဝေးကနေ လာတဲ့လူတွေကတော့ ဘာမှလိုလေသေးမရှိ သူတို့ ရနေကြတယ်။ ကျနော် တသက်လုံး ဒီမှာနေတာကျတော့ မရတာ ကတော့ နာတာပေ့ါ" လို့ ဦးစိုးရယ်က ပြောပါတယ်။