ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ခွင့်ပြုချက် မရဘဲ ဆန္ဒပြမှုဖြင့် ဦးဆောင်သူ ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်း တို့အား အမှတ်(၂) ရဲစခန်းမှ ထိုနေ့တွင်ပင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကာယကံရှင်များက ပြောသည်။
အင်အား ၂၀၀ ခန့်ရှိ လယ်သမားများအား ဦးဆောင်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခရိုင်ရုံးနှင့် မြို့နယ်ရုံးများရှေ့တွင် ခွင့်ပြုချက် မစောင့်ဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ခွင့်ပြုရန် လျှောက်လွှာကို ဇွန်လ ၁ ရက်နေ့က တင်ပြခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ ဦးထွန်းထွန်းဦး က မဇ္စျိမကို ပြောသည်။
“ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ အမှတ်(၂) ရဲစခန်းမှာ အမှုဖွင့်ထားတယ်လိုတော့ ကြားတယ်။ ကျနော်တို့ဆီကို သက်ဆိုင်ရာမှ ပြန်အကြောင်းကြားတာမှာလည်း အားနည်းချက်တွေ ရှိတယ်။ ခွင့်ပြုချက် မရတာကို သိတော့ ကျနော်တို့က ဆန္ဒဖော်ထုတ်ပြီးပြီ” ဟု ပြောသည်။
သို့သော် ပြဋ္ဌာန်းထားသော ဥပဒေအရ ဆန္ဒပြရန် သတ်မှတ်ရက် မတိုင်မီ အနည်းဆုံး ငါးရက် ကြိုတင်၍ ခွင့်ပြုချက် တင်ရမည်ဟု ဆိုထားသည်။
ဆန္ဒပြရခြင်းအကြောင်းမှာ မြို့နယ် NLD ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပါတီဝင်အချို့၏ လယ်သမားအရေး နှင့် ပတ်သက်၍ စည်းကမ်း ဖောက်ဖျက်နေမှုများ ရှိသည်ဟု ပါတီဗဟိုသို့ ဇွန်လ အတွင်းက တိုင်ကြားရာမှ မကျေနပ်သူများက ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ကာယကံရှင်များ အပြောအရ သိရှိရသည်။
“မြို ့နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌနဲ့ အတွင်းအရေးမှူးတို့ဟာ ခေါ်ယူစစ်ဆေးခြင်း မလုပ်ဘဲနဲ့ အဖွဲ့ဝင်တွေကို ဗဟို စည်းကမ်း ထိန်းသိမ်းရေးအထိ တင်ခဲ့တယ်။ ကျနော်တို့တွေဟာ တောင်သူ လယ်သမား ဦးကြီးတွေ အရေး အခွင့်အရေးတွေကို လိုက်ပါဆောင်ရွက်ရာမှာ အဓမ္မ ငွေကြေး ကောက်ခံခြင်းမျိုး ရှိသလား။ ရပ်ကွက် ကျေးရွာ ဥက္ကဋ္ဌတချို့နဲ ့NLD ပါတီဝင်တချို့ ပူးပေါင်းပြီးတော့့ ပါတီဝင်အချင်းချင်း တိုက်ခိုက်တယ်။ ကျနော်တို့ လုပ်ငန်းတွေကို ကြန့်ကြာစေတယ်” ဟု ဦးထွန်းထွန်းဦး က NLD ခရိုင်ရုံးရှေ့တွင် လယ်သမားများကို ပြောကြားသည်။
ထို့ပြင် အမှတ် ၁၀ ရပ်ကွက် NLD ဥက္ကဋ္ဌ ဦးတင့်ငြိမ်း ကလည်း “ကျနော်တို့ လယ်သမားတွေကို ကူညီပြီးလုပ်ပေးတော့ သူတို့က စာရွက်စာတမ်း၊ စာရိုက်ခတွေ၊ ဆိုင်ကယ် ဆီဖိုးတွေ ပေးတာပါ။ ငွေကြေး တောင်းခံတာမျိုး မရှိဘူး။ ကျနော့်ကို မေးပြီးမှ တင်သင့်ပါတယ်။ အခုလို ဗဟို စည်းကမ်း ထိန်းသိမ်းရေးကို တင်တာတော့ မကျေနပ်ဘူး” ဟု ဆိုသည်။
သို့သော် မြို့နယ် NLD အတွင်းရေးမှူး ဦးဝေလှိုင်ထွန်း ကမူ တိုင်ကြားမှုများ ရှိလာ၍ အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်တွင် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းပြီးခြင်း မရှိသေး၍ ဗဟိုသို့ တင်ပြရခြင်းဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။
“အစည်းအဝေး ဆုံးဖြတ်ချက်ရ ဗဟို စည်းကမ်း ထိန်းသိမ်းရေးကို ဆက်လက် တင်ပို့ပေးတာပါ။ ရပ်ကွက်က လူတွေက တရားဝင် တိုင်ကြားထားတာပါ။ မြို ့နယ် အလုပ်အမှုဆောင်တွေ အစည်းအဝေး မှတ်တမ်းအရ တိုင်တာပါ” ဟု ရှင်းပြသည်။
NLD ရုံးများရှေ့တွင် ဆန္ဒပြသူများ၏ လက်ထဲတွင် ပုသိမ်၊ ကန်ကြီးထောင်၊ ငပုတောနှင့် လပွတ္တာမြို ့နယ်များမှ လယ် မတရား သိမ်းဆည်းခံရသူ တောင်သူများ ဟူ၍ စာတန်းများ ကိုင်ဆောင် ဆန္ဒပြကြသည်။
သို့သော် ကြာသပတေးနေ့က ဆန္ဒပြခြင်းမှာ လယ်သမား အင်အားကို အသုံးချခြင်းသာ ဖြစ်သည်ဟု မြို့နယ် NLD အတွင်းရေးမှူး ဦးဝေလှိုင်ထွန်း က ဆိုသည်။