ဆယ်စုနစ်ကျော် ပိတ်ထားခဲ့တဲ့ စိုက်ပျိုးရေးကျောင်း ပြန်လည်ဖွင့်လှစ်မည်

ဆယ်စုနစ်ကျော် ပိတ်ထားခဲ့တဲ့ စိုက်ပျိုးရေးကျောင်း ပြန်လည်ဖွင့်လှစ်မည်
by -
ကန္တာရဝတီတိုင်း(မ်)

ဆယ်စုနှစ်ကျော်ခန့် ပိတ်ထားခဲ့သော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ စိုက်ပျိုးရေး အထက်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ဖို့ရာ ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးစိန်ဦးက ပြောပါတယ်။

“ငွေတောင်မှာ စိုက်ပျိုးရေးသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် ခွင့်ပြုခဲ့ပါတယ်။ ငွေတောင်မှာရှိတဲ့ စိုက်ပျိုးရေးသင်တန်းကျောင်းကတော့ သူ့မှာ နေရာရှိပြီးသားဖြစ်တဲ့အတွက် သူ့ကို update လုပ်လိုက်ရင် ကျနော်တို့ရဲ့ကလေးတွေ စိုက်ပျိုးရေးဝါသနာပါတဲ့ ကလေးတွေ အတွက် ဒီသင်တန်းကျောင်းမှာ လာတက်လို့ရတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မွေးထုတ်ပေးလို့ ရပါတယ်”

ဇွန်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီးမော့ဆို အထက်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ် အပ်နှင်းပွဲအခမ်းအနားမှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပညာရေးတာဝန်ခံ ဦးစိန်ဦးက ပြောဆိုသွားတာ ဖြစ်ပါတယ်။

၎င်း စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းကို ၁၉၇၂ ခုနှစ်မှ စ၍ ၁၉၉၈ ခုနှစ်အထိ ၁၆ နှစ်အကြာ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သင်ယူသူ ကျောင်းသူကျောင်းသားများ ဦးရေ နည်းပါးလာသည့် အတွက်ကြောင့် ၁၉၉၈ ခုနှစ်မှ စတင် ပိတ်ထားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ကျောင်းကတော့ အဲဒီတုန်းကတော့ ကျောင်းသားဦးရေ တက်ရောက်မှုနည်းတယ်။ အလွန်ဆုံးရှိရင် အဲဒီ ပထမနှစ်ဆို ကျနော်တို့ ကြားသလောက်တော့ ဆယ်ယောက်တွေ၊ နောက်ဒုတိယနှစ် က ခုနှစ်ယောက်လောက်တွေ အဲလိုလေးတွေပေါ့။ အဲလိုမျိုးလည်းရှိခဲ့တယ်။ နောက် ဆရာ၊ ဆရာမဦးရေနဲ့ နောက် စိုက်ပျိုးရေး ကျောင်း… အထက်တန်းကျောင်းတွေ များနေတဲ့ခါကျတော့ ပိတ်ချလိုက်တာ။ တခြား မြို့တွေမှာတော့ အထက်တန်းကျောင်းတွေ အရမ်းများနေပြီလေ”   လို့ ဒီးမောဆိုမြို့ မျိုးသန့်ခြံမှ တာဝန်ခံဦး ကျော်မျိုးဦးက ပြောပါတယ်။

လက်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းနေရာကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က မျိုးသန့်ခြံအဖြစ် ပြန်လည် လုပ်ကိုင်နေကြလျှက်ရှိပြီး ယခုမှာ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေးကျောင်း ပြန်လည် ဖွင့်လှစ်မှာဖြစ်ပါတယ်။

Most read this week