ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာကလေး မွေးဖွားနှုန်းမြင့်မားခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရလေ့ ရှိပါတယ်။ လူမှု ၀န်ဆောင်မှု အားနည်းခြင်း၊စာတတ်မြောက်နှုန်း နည်းပါးခြင်း၊ပညာဉာဏ်ရည်ချို့တဲ့ခြင်းနဲ့ family planning ဆိုင်ရာ ပညာပေးမှုများကို ယဉ်ကျေးမှုနှင့်ဘာသာရေး ဆိုင်ရာ အကြောင်းပြချက်များဖြင့်တားဆီးခြင်း စတာတွေကြောင့် ကလေးမွေးဖွားနှုန်း မြင့်မားမှုတွေ ရှိနေတတ်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာကလေး မွေးဖွားနှုန်းမြင့်မားခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရလေ့ ရှိပါတယ်။ လူမှု ၀န်ဆောင်မှု အားနည်းခြင်း၊စာတတ်မြောက်နှုန်း နည်းပါးခြင်း၊ပညာဉာဏ်ရည်ချို့တဲ့ခြင်းနဲ့ family planning ဆိုင်ရာ ပညာပေးမှုများကို ယဉ်ကျေးမှုနှင့်ဘာသာရေး ဆိုင်ရာ အကြောင်းပြချက်များဖြင့်တားဆီးခြင်း စတာတွေကြောင့် ကလေးမွေးဖွားနှုန်း မြင့်မားမှုတွေ ရှိနေတတ်ပါတယ်။ ဒီအခါမှာ ကလေးမွေးဖွားနှုန်းနဲ့တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း၊မိသားစုရဲ့ ၀င်ငွေ စတာတွေက ယှဉ်တွဲ တိုးတက်ခြင်း မရှိနိုင်တာကြောင့် မိသားစု အပေါ်မှာသာမက၊ တိုင်းပြည် အပေါ်မှာပါ economic burden ဖြစ်လာပြီး၊ဆိုးကျိုးသက်ရောက်မှုတွေရှိလာတတ်ပါတယ်။
မျှတမှုမရှိတဲ့ လူဦးရေ တိုးပွားမှုဟာမိသားစုကိုလဲ ဆင်းရဲတွင်းထဲကို တွန်းပို့လိုက်နိုင်ပါတယ်။ ကလေးဆိုတာ မွေးဖွားပြီးရုံနဲ့ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ပေးရမှုတွေ၊ ပညာသင်ကြားပေးရမှုတွေ ရှိပါတယ်။ ဒါကြောင့်လဲ ကျန်းမာပျော်ရွှင်ပြီး၊မိသားစုက တာဝန်ယူ ကျွေးမွေး ပြုစုစောင့်ရှောက်နိုင်တဲ့ကလေး အရေအတွက် ကိုသာ ယူဆောင်နိုင်ရေး အတွက် နိုင်ငံအများစုမှာ (အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများမှာ) အသိပညာပေးခြင်း၊ လိုအပ်ပါက သင့်လျော်သော လူဦးရေဆိုင်ရာ မူဝါဒများ (population policies) များ ချမှတ်ဆောင်ရွက်ခြင်းတို့ကိုပြုလုပ် လာကြရပါတယ်။
ကလေးမွေးဖွားနှုန်း မြင့်မားမှုနဲ့ပတ်သက်ပြီး အကြီးမားဆုံး ပြဿနာ တခုကတော့ ကန့်သတ် ထိန်းချုပ်မှုမဲ့ကလေးမွေးဖွားခြင်း (Uncontrolled fertility) ပဲဖြစ်ပါတယ်။ ထိန်းချုပ်မှု မဲ့ကလေးမွေးဖွားခြင်း ဆိုတာကို ပညာရှင်များက အဓိပ္ပာယ် ဖွင့်ဆိုထားကြရာမှာ အိမ်ထောင်ဘက် စုံတွဲမှ ဖြစ်စေ (သို့မဟုတ်) အိမ်ထောင်ဘက် ယောကျ်ားမှ အိမ်ထောင်ဘက် မိန်းမအား စည်းရုံးမှု (သို့မဟုတ်) ခြိမ်းချောက်မှုဖြင့် ဖြစ်စေ၊ စီးပွားရေး အခြေအနေနှင့် လိုက်လျောညီထွေ မရှိသော မိသားစု အရွယ်အစား ချဲ့ထွင်ခြင်းလို့အဓိပ္ပာယ် ဖွင့်ဆိုထားကြပါတယ်။ ဖိုမ သဘော သဘာဝအရ ဆက်ဆံပေါင်းသင်းမှုကိုနှစ်ဦးနှစ်ဖက် သဘောတူညီပါကလွတ်လပ်စွာ ပေါင်းသင်းနိုင်ပါတယ်။ဒါဟာ လူ့အခွင့်အရေး (Human rights) ဖြစ်ပါတယ်။
သို့ပေမယ့်အခွင့်အရေး (rights) ဆိုတာတာဝန်ယူမှု (responsibility) နဲ့ဒွန်တွဲနေပါတယ်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံဟာ လူ့အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ညဆယ့်နှစ်နာရီကျော်မှာ ကိုယ့်အခွင့်အရေးကို ကျင့်သုံးတယ် ဆိုပြီး သီချင်း အကျယ်ကြီး ဖွင့်ထားခဲ့ရင်၊ ဘေးပတ်ဝန်းကျင်က သက်ဆိုင်ရာကို တိုင်တန်းနိုင်ပါတယ်။ သက်ဆိုင်ရာကလဲ အရေးယူနိုင်ပါတယ်။ ညသန်းခေါင်ကျော်ဆိုတာ လူအများ အိပ်ချိန်ဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်အခွင့်အရေးကို ကျင့်သုံးမှုဟာ အများကို ထိခိုက်မှု မရှိစေအောင် တာဝန်ယူမှု ရှိစေရေးအတွက် သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာမှ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်အခွင့်အရေးကို ကျင့်သုံးရာမှာ အခြားသူများရဲ့အခွင့်အရေးကို မထိခိုက်အောင် ကျင့်သုံးရမှာ ဖြစ်ပြီး၊ထိခိုက်လာပါက သက်ဆိုင်ရာက လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများ အတိုင်း လုပ်ဆောင်ရန် တာဝန်ရှိပါတယ်။
လွတ်လပ်စွာ ဆက်ဆံပေါင်းသင်းမှု အခွင့်အရေးကို ကျင့်သုံးပြီး၊တာဝန်မယူနိုင်တဲ့ ကလေးများကို အများအပြား မွေးဖွားစေပြီးမှ မိသားစုတခုလုံးကို ဆင်းရဲတွင်းထဲ ပို့ဆောင်ထားတဲ့ အိမ်ထောင် ဦးစီး တယောက်ဟာ သူ့လူ့အခွင့်အရေးကို အသုံးချသူ တယောက်ဖြစ်ပေမယ့်၊ သူအသုံးချထားတဲ့ လူ့အခွင့်အရေးကနေ ပေါ်ထွက်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ကိုတော့ တာဝန် မယူနိုင်သူ တယောက်ပဲဖြစ်ပါတယ်။ မိသားစုဝင်ငွေက ကလေးတယောက်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိုပဲ တာဝန်ယူနိုင်ချိန်မှာ၊ Uncontrolled fertility ကိုလူ့အခွင့်အရေး တရပ်အဖြစ် သဘောပိုက်ပြီး၊ ကလေးနှစ်ယောက် ယူလိုက်မယ် ဆိုရင် ၀င်ငွေရဲ့အခြေအနေအရ ကလေးနှစ်ယောက်ရဲ့စားဝတ်နေရေးကိုပဲ တာဝန်ယူနိုင်တာကြောင့်၊ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပညာရေးမှာကျတော့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး။ Uncontrolled fertility ကြောင့် မီးဖွားစဉ် သေဆုံးနှုန်းလဲ မြင့်မားနိုင်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူတသိန်းမှာ မီးဖွားစဉ် သေဆုံးနှုန်း၂၇ ဦး ရှိပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ (အထူးသဖြင့် မွေးဖွားနှုန်းကို ထိန်းချုပ်ခြင်း မရှိတဲ့ နိုင်ငံတွေမှာ) မီးဖွားစဉ် သေဆုံးနှုန်းက လူတသိန်းမှာ လူ ၁၀၀၀ နီးပါးရှိပါတယ်။ ဒီလို ကွာခြားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာကြည့်ကြရာမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဘဝ လုံခြံုမှု စတာတွေ အပြင် ကန့်သတ်ထိန်းချုပ်မဲ့ ကလေး မွေးဖွားနှုန်း မြင့်မားမှုကလဲ အကြောင်းရင်း တခု အနေနဲ့ပါ၀င်နေပါတယ်။
မိခင်များရဲ့သေဆုံးနှုန်းတင် မြင့်မားတာ မဟုတ်ပါဘူး။ အသက် ငါးနှစ်အောက် ကလေးများရဲ့ သေဆုံးနှုန်းမြင့်မားမှုကလဲ ကလေးမွေးဖွားနှုန်းမြင့်မားမှုနဲ့ ဆက်နွယ်နေပါတယ်။ အာဖရိကတိုက်မှာ ကလေး တထောင်မွေးဖွားလာတဲ့ အခါ အသက်ငါးနှစ် မတိုင်မီ သေဆုံးနှုန်းက ၁၄၀ အထိ ရှိပါတယ်။ ဒီလို သေဆုံးနှုန်းမြင့်မားမှုရဲ့အကြောင်းရင်းတွေထဲမှာလဲ ကလေးမွေးဖွားနှုန်း မြင့်မားမှုက အကြောင်းရင်း တခုအနေနဲ့ပါ၀င်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူသားဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများ (Human Development Reports) အရ ကလေးမွေးဖွားနှုန်း နည်းပါးတဲ့နိုင်ငံတွေမှာ လူသားဖွံ့ဖြိုးတိုးတက်မှုမြင့်မားပြီး၊ ကလေးမွေးဖွားနှုန်းမြင့်မားတဲ့ နိုင်ငံတွေမှာတော့ လူသားဖွံ့ဖြိုးတိုးတက်မှု နိမ့်ပါးပါတယ်။
ကလေးမွေးဖွားနှုန်းမြင့်မားခြင်းဟာ မွေးဖွားရသော မိခင်များအတွက် အသက်အန္တရာယ်ရှိမှု၊ မွေးဖွားပြီး ကလေးများအတွက် အသက်အန္တရာယ်ရှိမှု၊ မိသားစုဆင်းရဲတွင်း ပိုနက်စေမှု၊ကလေးများရဲ့ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများကို လျော့ပါးစေမှု၊ လူသားဖွံ့ဖြိုးတိုးတက်မှုကို သိသာစွာ ထိခိုက်စေမှု၊ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်စေမှု စတဲ့ ဆိုးကျိုးများ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့်လဲ ကလေးမွေးဖွားနှုန်းလျော့ပါးရေး၊ မိသားစုမှ တာဝန်ယူနိုင်သော ကလေး အရေအတွက်ကိုသာ မွေးဖွားရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပညာပေးခြင်း၊သားဆက်ခြား စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ လိင်ဆက်ဆံမှုမှာ ကွန်ဒုံးများ အသုံးပြုရေး အတွက် အခမဲ့ဖြန့်ဖြူးပေးခြင်းစတာတွေကို ကမ္ဘာနဲ့အဝှမ်းမှာလုပ်ဆောင်လာကြပါတယ်။
သို့ပေမယ့်အချို့သော နေရာဒေသများနဲ့လူ့အဖွဲ့အစည်းများမှာ ဒီလိုပညာပေးမှု၊ စီမံကိန်းများ အကောင်အထည် ဖော်ဆောင်မှုစတာတွေကို ဘာသာရေးနဲ့ယဉ်ကျေးမှု ဆိုင်ရာအကြောင်းပြချက်များ၊ တာဝန်ယူမှုနှင့် ယှဉ်တွဲနေသော လူ့အခွင့်အရေးများကို ဖော်ပြရာမှာ တာဝန်ယူမှုရှုထောင့်ကိုဖယ်ရှားပြီး လူ့အခွင့်အရေး တခုတည်းကိုသာ မီးမောင်းထိုးဖော်ပြချက်များ စတာတွေကို ပြုလုပ်လာကြပါတယ်။ ဒီလိုပြုမူဆောင်ရွက်မှုတွေကို စာတတ်မြောက်မှုနှုန်းနည်းပါးတဲ့ ဒေသများ၊ မိမိကိုယ်ကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းပြီး လူတဦးတယောက်ရဲ့ပြောဆိုမှုများကိုသာ ယုံကြည်လက်ခံသော လူ့အဖွဲ့အစည်းများက လက်ခံမှုတွေ ရှိလာတတ်ပါတယ်။
ဒီအခါမှာအချို့သော အစိုးရများအနေနဲ့သင့်လျော်သော မူဝါဒများ ချမှတ်ပြီး၊ ကလေးမွေးဖွားနှုန်းကန့်သတ်မှုတွေ ပြုလုပ်လာရတာတွေလဲ ရှိပါတယ်။ အစိုးရများဟာ ကလေးမွေးဖွားနှုန်း မြင့်မားမှုတွေမှာကန့်သတ်ထိန်းချုပ်ဖို့တင်တာဝန်ရှိတာ မဟုတ်ပါဘူး။ ကလေးမွေးဖွားနှုန်းနည်းပါးမှုတွေမှာလဲ သင့်လျော်သောမူဝါဒများနဲ့ ၀င်ရောက် စွက်ဖက်ရတာတွေ ရှိပါတယ်။ သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို၊ တိုင်းပြည်ရဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ ကလေးမွေးဖွားနှုန်းမြင့်မားမှု၊ လူဦးရေ အဆမတန် မြင့်မားမှုများကြောင့် one-child policy ကိုကျင့်သုံးခဲ့ရပါတယ်။ စင်ကာပူနဲ့ဆွီဒင်နိုင်ငံများမှာလဲ (၁၉၅၀) မှ (၁၉၇၀) ကာလများမှာ ကလေးမွေးဖွားနှုန်း မြင့်မားမှုကို အစိုးရက ၀င်ပြီးကန့်သတ် ထိန်းချုပ်ခဲ့ရပါတယ်။ ကလေးမွေးဖွားနှုန်းက အဆမတန် နည်းပါးသွားတာကြောင့် ဆုကြေးများပေးပြီး၊ မိသားစုများ ကလေးယူလာအောင် ပြန်လည် လုပ်ဆောင်ရတဲ့နိုင်ငံတွေလဲ ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးမွေးဖွားနှုန်းဟာ မိသားစု စီးပွားရေး အခြေအနေနဲ့လျော်ညီမှု ရှိမရှိကို မိဘများကိုယ်တိုင် စနစ်တကျ လေ့လာသုံးသပ် အကဲဖြတ်နိုင်တဲ့အသိဉာဏ် ရှိဖို့ကတော့ အလွန်ပဲအရေးကြီး လှပါတယ်။ ဒါကြောင့် လိုအပ်ချက်အရ အစိုးရများမှ မူဝါဒများ ချမှတ်၍ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်မှုနဲ့အတူ ယှဉ်တွဲပြီး၊ family planning projects များကိုလဲအရှိန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလို အကောင်အထည်ဖော်ဆောင်မှုများကို ပိတ်ပင်တားဆီးမှုများ ရှိတဲ့လူ့အဖွဲ့အစည်းများမှာလဲ တဦးချင်း ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း မြင့်မားလာစေရေးအတွက် စာတတ်မြောက်နှုန်းမြင့်မားမှု ရှိလာအောင်ဆောင်ရွက်ပေးဖို့ လိုအပ်လှပါတယ်။ ဒါတင်မကပဲ အခွင့်အရေး တမျိုးတည်းကိုသာ ရှုမြင်တတ်တဲ့ တဖက်ကမ်း အခွင့်အရေးဝါဒ မထွန်းကားစေရေးအတွက် အခွင့်အရေး (rights) နဲ့အတူယှဉ်တွဲနေတဲ့ တာဝန်ယူမှု (responsibility) ကိုလဲသိနားလည်အောင် ပညာပေးဖို့လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။