PR စနစ် မဆွေးနွေးရန် လွှတ်တော် ဆုံးဖြတ်

PR စနစ် မဆွေးနွေးရန် လွှတ်တော် ဆုံးဖြတ်
by -
မဇ္ဈိမ

လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြောင်း လဲကျင့်သုံး မသုံး လွှတ်တော် က ဆွေးနွေးမှု ပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၁ ရက် ပြည်ထောင်စုလွှတ်တော် အ စည်းအဝေးတွင် ပြောကြားလိုက်သည်။

PR စနစ်နှင့် ပတ်သက်ပြီး ဆွေးနွေးဆုံး ဖြတ်ပေးရန် ပေးပို့ထားသော ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ၏ စာသည် လွှတ်တော်များ၏ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ၍ ဆွေးနွေးမှုပြုလုပ်မည်မဟုတ် ဟု လွှတ်တော်က ပြောခြင်းဖြစ်သည်။

ပြောကြားရာတွင် ''ပြည်ထောင်စု လွှတ် တော်နာယကထံသို့ စာဖြင့်ရေးသားပေးပို့ခြင်း၊ သတင်း ထုတ်ပြန် ကြေညာ ခြင်းများဖြင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ ပြဋ္ဌာန်းထားသော လွှတ်တော်၏ လုပ်ငန်းစဉ်များ ကို ကျော် လွန်ဆောင်ရွက်၍ မရနိုင် သည့်အပြင် သတင်းထုတ်ပြန်ကြေညာပြီးသော အကြောင်းအရာတစ်ခုကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆောင်ရွက် ရန်မသင့်ကြောင်းသုံးသပ်တွေ့ရှိရ ပါတယ်'' ဟု ဦးခင်အောင်မြင့် က ပြောကြား သည်။

သို့သော် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်နေ၍လွှတ်တော်၏ လုပ်ငန်းစဉ် ကိစ္စ တစ်ရပ်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ထို့ကြောင့် ယခုလွှတ်တော်အတွင်း ဖွဲ့စည်းမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီးမှသာယင်းကော်မတီကဆောင်ရွက် မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၆ဝအရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကဖြစ်စေ၊ လွှတ်တော် ကိုယ်စား လှယ်တစ်ဦးကဖြစ်စေ နိုင်ငံတော်နှင့် နိုင်ငံ သားအကျိုးနှင့် စပ်လျဉ်းသည့်ကိစ္စ၊ အစိုးရ အဖွဲ့အစည်းများနှင့် စပ်လျဉ်းသောကိစ္စ၊ နာယ ကခွင့်ပြုသည့် ကိစ္စရပ်များအား လွှတ်တော်၏အဆုံးအဖြတ်ရ ယူ လိုပါက အဆိုတင် သွင်းရမည်ဟုပါရှိသည်။

ယင်းသို့ပြည်ထောင်စုလွှတ်တော်နာယက ၏ ဆုံးဖြတ်ချက်အပေါ် သီပေါမဲဆန္ဒနယ်မှ အောက်လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်း က ''လွှတ်တော်ကိုယ်စားလှယ်တွေက သဘော တူပါတယ်။ အထူးသဖြင့် နာယကက လုပ် ၏ထုံး လုပ်နည်းနဲ့အညီ လုပ်သွားတဲ့ အပေါ် သဘောတူပါတယ်''ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေ သော မဲအများဆုံးရရှိသူ အနိုင်ပေးသည့် စနစ် (First Past The Post – FPTP System)ကို အချိုးကျကိုယ်စားပြုစနစ် (Proportional Representative-PR) သို့ ပြောင်းလဲ ကျင့်သုံးမည် မသုံး မည်ကို လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ပြီး ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဆိုပါက ၂ဝ၁၃ ခုနှစ် အတွင်း အကြောင်းပြန်ကြားပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြည်ထောင်စု လွှတ်တော်နာယကထံ ၂ဝ၁၃ ခုနှစ် မေလ ၁၄ ရက်က စာပေးပို့ထားခြင်း ဖြစ်သည်။

သို့သော် အချိုးကျကိုယ်စားပြုစနစ် (PR) ကို လွှတ်တော်၌ ဆွေးနွေးမှုမပြုခင်ကပင် တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကန့်ကွက်ထားခဲ့သည်။

သီပေါမဲဆန္ဒနယ်မှ အောက်လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ''ကျွန်တော် တို့ ကတော့ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းခါစအချိန် မှာ ဒီ PR စနစ်ကျင့်သုံးဖို့ နည်းနည်း စောလွန်းတယ်လို့မြင်ပါတယ်'' ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၈ ရက်တွင် ပြသခဲ့သည့် SKY NET ရုပ်သံ၏ အင်တာဗျူးတွင်လည်း "PR စနစ်က အန်တီ တို့နိုင်ငံအတွက် စောနေပါသေးတယ်" ဟု ဖြေဆိုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဇွန်လ ၂၂ ရက်မှ ၂၄ အတွင်းကျင်းပ သော ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် PR စနစ်အကြောင်းဆွေးနွေးခဲ့ သေးသော်လည်း အဆုံးအဖြတ်မရရှိဘဲ ပါတီ ဗဟိုကော်မတီသို့ လွှဲပြောင်းတာဝန်ပေး ခဲ့သည်။

ထို့အပြင် ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ)က ဦးဆောင်ကာ လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ မှ  PR  စနစ်ကျင့်သုံးမည်ဆိုပါက အကာအ ကွယ်ရရှိရန် တိုင်းရင်းသား ပါတီ ၁၅ ခု ပါဝင် သော ဖက်ဒရယ်ယူနီယံ ပါတီ ထူထောင်ဖို့ ဇွန်လဆန်းပိုင်းက သဘောတူညီမှု ရရှိခဲ့သည်။