ဒုက္ခသည်များအတွက် ထင်း ရှားပါး ချက်ပြုတ်ရေးအခက်တွေ့

ဒုက္ခသည်များအတွက် ထင်း ရှားပါး ချက်ပြုတ်ရေးအခက်တွေ့
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲရှိ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည်စခန်းတွင် ဇူလိုင် လဆန်းပိုင်းမှပို၍ ထင်းမီး မလုံလောက်သည့်အခက်ခဲကြောင့် ဒေသခံများနှင့် ဒုက္ခသည်များကြား မကြာခဏ  အချေအတင်ဖြစ်ပွားနေကြောင်း သိရသည်။

ဒုက္ခသည်များသည် လင်းမီးနှင့် မီးဖိုချောင်သုံးရန် ထင်းများ  ရှားပါးလာသောကြောင့် ထင်းလိုက်လံရှာ ဖွေမှုတွင် ဒေသခံရွာသားများနှင့် စကားများရခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းမှ ဒေါ်ဖခုန်ဘောမ်ဝမ် ကပြောသည်။

“ဒီပတ်ဝန်းကျင်မှာရှိတဲ့ တောင်ယာတွေ ကနေပဲ ကျွန်မတို့ ဒုက္ခသည်စခန်းတွေက နွေရာသီ တုန်းကဆို ထင်းရှာသုံးနေတာ၊ ခုတောင်ယာစပါးစိုက်တဲ့ ရွာသားတွေကလည်း မိုးတွင်းပိုင်းဆို သူတို့ရဲ့အခင်းပြန် လုပ်ကြတယ်။ သူတို့ပြန်လာတော့ ထင်းရှာတဲ့နေရာ မရှိတော့ဘူး။ သူတို့တောင်ယာမှာ ထင်းသွားယူရင်းနဲ့ ကျွန်တော်တို့စခန်းကလူတွေနဲ့ ခဏခဏရန်ဖြစ်ကြတယ်”

တာဝန်ခံများကလည်း ထင်းရှားပါးသောအခက်အခဲကို မဖြေရှင်းနိုင်သေးကြောင်းနှင့်  ချက်ပြုတ် ရေးအဆင်ပြေစေရန် ညွှန်ကြားထားသော နေရာများရှိသော်လည်း ဝေးနေသောကြောင့် ခက်ခဲနေဆဲဖြစ် ကြောင်း စခန်းတာဝန်ခံ ဦးဂျန်မာလဂျာ ကပြောသည်။

“စခန်းကနေ ဆယ့်ငါးမိုင်နဲ့ဆယ့်ကိုးမိုင်ကြား ဝေးတဲ့နေရာမှာ ထင်းရှာဖွေမဲ့နေရာသူတို့ကိုပြထားတယ်။ ဒါပေမဲ့  အဲဒီနေရာက ဝေးနေတော့ သွားဖို့ အဆင် မပြေဘူး။  ဖြစ်သလို ဝါးထင်းတွေနဲ့ပဲ သုံးပြီး ချက်ပြုတ်နေတယ်”

၄င်းကဆက်ပြီး စခန်းတွင်းသုံး လင်းမီး  အဆင်မပြေမှုအတွက် တာဝန်ရှိသူများအား အထက်သို့တင်ပြ ထားသော်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့်  မဖြေရှင်းနိုင်သေးကြောင်း သိရသည်။

“စခန်းတစ်ခုလုံး လင်းမီးရရှိဖို့အတွက်ကို တရုတ်ငွေ ယွမ် ၅ သိန်း ကုန်ကျမယ်။ ဒီဘတ်ဂျတ်ကမရှိတော့ မီးမရဘူး။ ကျောင်းသားတွေအတွက်လည်း အခက်အခဲရှိတယ်” ဟု ပြောသည်။

ဒုက္ခသည်စခန်းတွင်  ယခုချိန် ကျောင်းသားများအတွက် မိုးကာ၊ ဖိနပ်၊ ထီးများ လိုအပ်နေပြီးကျန်းမာရေး အတွက်လည်း လက်တလော ကုသအသုံးပြုရန်အတွက်သာ ငှက်ဖျားဆေးဝါးများ ရှိနေကြောင်း သိရသည်။ ထိုဆေးဝါးများကလည်း တရုတ် NGO အဖွဲ့မှ လာရောက် လှူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာ ၄၈ မှ စစ်ပြေးဒုက္ခသည်များ စုပေါင်းခိုလှုံနေသည့် KIO လိုင်ဇာမြို့အနီး ဖုန်လွမ်ယန် (Hpunglum Yang) စခန်းတွင် အိမ်ထောင်စု ၄၃၉ စုနှင့် လူဦးရေ ၂၁၄၃ ဦးရှိပြီး မူလတန်း ကျောင်းသား ၄၁၉ ဦး ရှိကြောင်း စခန်းမှသိရသည်။

Most read this week