တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ခေါင်းဆောင်များနှင့် သြဇာတိက္ကမ ရှိသည့် သက်ကြီး ပုဂ္ဂိုလ်များ ပါဝင်သည့် သက်ကြီး ပူဇော်ကန်တော့ပွဲ တရပ်ကို ဇူလိုင်လ ၂၂ ရက် (ဝါဆို လပြည့်) နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဖြစ်မြောက်ရေး ကော်မီတီ အတွင်းရေးမှူး ကိုစိုင်းထွန်းအေး က ပြောသည်။
“ဗမာ ကနေစ လူမျိုးစု တိုင်းရင်းသားတွေ အားလုံး ပါတာပေါ့။ ၆၁ တုန်းက တိုင်းရင်းသားတွေ စုံစုံညီညီ ဆုံခဲ့ကြတာ ပြီးရင် ဒါက မြန်မာ့သမိုင်းမှာ ပထဆုံး အကြိမ် ပွဲဗျ။ အခုကတော့ ဂါဝရ ပြုပွဲကို အကြောင်းပြု ပြီးတော့ ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက်နဲ့ နောက်တချက် ကတော့ အဲဒီ ခေါင်းဆောင်ကြီးတွေနဲ့ အခု မျိုးဆက်သစ် လူငယ်တွေကြား ချိတ်ဆက်မှု ပိုဖြစ်လာအောင်လို့ပါ” ဟု ပင်လုံ မျိုးဆက် ဦးရွှေအုံး ၏ မြေးဖြစ်သူ ကိုစိုင်းထွန်းအေး က မဇ္စျိမကို ပြောသည်။
၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ၏ ဖက်ဒရယ် ညီလာခံကြီးကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ယခု ပူဇော်ပွဲတွင် ဗမာ တိုင်းရင်းသား ကိုယ်စားလှယ်များအဖြစ် NLD နာယက ဦးတင်ဦး၊ ဒဂုန်တာရာ၊ သခင် သိန်းမောင်၊ ဟံသာဝတီ ဦးဝင်းတင်၊ ကချင် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် ဒူးဝါး ဂမ်ထားရော်နှင့် အခြား အသက် ၉၀ ခန့် ခေါင်းဆောင် အမျိုးသမီး တဦး၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် သမိုင်းပညာရှင်
ဒေါက်တာ စိုင်းအောင်ထွန်းနှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နာယက ဗိုလ်ချုပ် ဆေထင် တို့မှာ ဖိတ်ကြားထားသည့် ကန်တော့ခံ ခေါင်းဆောင်များတွင် ပါဝင်သည်။
ထို့ပြင် မွန်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် နိုင်ငွေသိမ်းနှင့် နိုင်ထွန်းသိန်း၊ ကရင် တိုင်းရင်းသား ကိုယ်စားလှယ်များ အဖြစ် မန်းပီတာဂျာရင်၊ KNU ခေါင်းဆောင် ပဒိုမန်းရှာ (လုပ်ကြံခံရ)၏ အစ်ကို ဖြစ်သူ မန်းတင်ရွှေ၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဦးသာဘန်းနှင့် ခိုင်စိုးနိုင်အောင်၊ ပအိုးဝ့် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဦးခွန်စိန်ရွှေနှင့် ပင်လုံ အကြီးအကဲ တဦးဖြစ်သူ ဦးဖြားထိန် တို့လည်း ပါဝင်သည်။
ဓနု တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဓနုစော်ဘွား၏ အမတ်ချုပ်ကြီး တဦးကိုလည်း ဖိတ်ကြား ထားသည်။ ပလောင် တိုင်းရင်းသား ကိုယ်စားလှယ် တဦးအားလည်း ဖိတ်ကြားထားကာ ချင်းတိုင်းရင်းသား ခေါင်းဆောင် ကိုလည်း ဖိတ်ကြားရန်ရှိသည်ဟု ကိုစိုင်းထွန်းအေး က ပြောသည်။
ထိုခေါင်းဆောင်များ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပမည့် နေရာကို တက်ရောက်မည့် ပရိသတ် အနေအထား ခန့်မှန်းပြီးမှသာ အတည်ပြုမည်ဟု ဖြစ်မြောက်ရေး ကော်မတီမှ ဘဏ္ဍာရေးမှူး နိုင်ကျော်ဝင်း က ပြောသည်။
“ကျနော်တို့ ဗုဒ္ဓဘာသာ အယူအရလည်း သမာဓိဂုဏ် သမားဂုဏ် ရှိတဲ့ သက်ကြီး ခေါင်းဆောင် တွေကို ဒီလို အခါကြီးရက်ကြီးတွေမှာ ကန်တော့နိုင်ဖို့လည်း စီစဉ်လိုက်တာပါ” ဟု မဇ္စျိမကို ပြောသည်။
တော်ဝင်နှင်းဆီ၊ YMCA ခန်းမနှင့် အခြား တနေရာကို ကနဦး လျာထားကြောင်းလည်း ၎င်းက ဆက်ပြော သည်။
ပူဇော် ဂုဏ်ပြုပွဲ၌ပင် မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိမ်း၏ ဘဝအတွေ့အကြံုများနှင့် နိုင်ငံရေးဘဝ တလျှောက် စုဆောင်းထားသည့် အချက်အလက်များ ပြုစုထားသည့် “နိုင်ငွေသိမ်း၏ နိုင်ငံရေး ဖြတ်သန်းမှု သမိုင်း” အမည်ရ အထ္ထုပ္ပတ္တိ စာအုပ်ကိုလည်း စတင်ရောင်းချသွားမည်ဟု စာအုပ် ရေးသား ပြုစုခဲ့သည့် ကိုစိုင်းထွန်းအေး က ပြောသည်။
“စာအုပ်ကတော့ အသင့် ဖြစ်နေပြီ။ အဲဒီနေ့မှာ အမှတ်တရလည်း ဖြစ်အောင် စပြီး ရောင်းချ ပေးသွားမယ်” ဟု ကိုစိုင်းထွန်းအေးမှ မဇ္စျိမအား ပြောသည်။
မူလက ၎င်းစာအုပ်အား ဇွန်လတွင်း စျေးကွက်သို့ ဖြန့်ရန် စီစဉ်ထားသော်လည်း တိုင်းရင်းသား ခေါင်းဆောင် များ၏ သက်ကြီး ပူဇော်ပွဲ အခမ်းအနားနှင့် တိုက်ဆိုင်စွာ ရောင်းချ သွားရန် ပြန်ဆုံးဖြတ် ခဲ့သည်ဟု ၄င်းမှ ဆက်ပြောသည်။
ပထမ အကြိမ်အဖြစ် အုပ်ရေ ၁,၅၀၀ ကျော် ရိုက်နှိပ်ထားပြီး တအုပ်လျှင် ၂,၀၀၀ ကျပ်ဖြင့် အမှတ်တရ
ရောင်းချပေးသွားမည့် အဆိုပါ နိုင်ငွေသိမ်း အထ္ထုပ္ပတ္တိစာအုပ်တွင် A4 ဆိုက် စာမျက်နှာ ၁၀၀ ခန့် ပါဝင်ကြောင်း သိရသည်။