စစ်ဘေးဒဏ်သင့် ဒေသများ၊ ပဋိပက္ခဒေသများရှိ အမျိုးသမီးများ၏ လိုအပ်ချက်များအား ကွင်းဆင်းလေ့လာမှုများပြုလုပ်ထားပြီး ဦးစားပေး ထောက်ပံ့သွားရန် ပြည်တွင်းပြည်ပ အရပ်ဘက်လူမှုအဖွဲ့များ ပူးပေါင်း စီစဉ်လျက်ရှိသည်ဟု ကချင်အမျိုးသမီးများ ကွန်ရက်မှ မမေစပယ်ဖြူက မဇ္စျိမသို့ ပြောသည်။
''တစ်ဖွဲ့တည်းနဲ့ လုပ်လို့လဲ ဘယ်လိုမှ လမ်းခရီးရောက်မှာ မဟုတ်ပါဘူး၊ အခု အဖွဲ့တွေ တော်တော်များများ တိုင်ပင်ထားပါတယ်။ အမျိုးသမီးရေးကို အဓိကအသားပေး လုပ်ဆောင်သွားဖို့ပါ'' ဟု မမေစပယ်ဖြူက ဆိုသည်။
ယင်းကဲ့သို့ ကူညီသွားနိုင်ရန် အဖွဲ့မည်မျှရှိသည်ကို အတိအကျ မသတ်မှတ်နိုင် သေးသော်လည်း အစည်းအဝေးများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု ကချင်အမျိုးသမီးများ ကွန်ရက်က ဆိုသည်။ လက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒဏ်သင့်ဒေသများတွင် ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး နောက်ပိုင်းတွင်စစ်ဘေးဒဏ်သင့် ဒေသများတွင်သာမက ပဋိပက္ခဒေသများရှိ အမျိုးသမီးတို့၏ လိုအပ်ချက်များကိုပါ အသားပေး လုပ်ဆောင်သွားရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။
''ဘေးဒဏ်သင့် နေရာတွေမှာ အခြားအဖွဲ့အစည်းတွေက ထောက်ပံ့တာတွေလည်း ရှိပါတယ်၊ ဒါပေမယ့် သူတို့တွေက အဖွဲ့အစည်းအသိုက်အဝန်း တစ်ခုအတွက် ထောက်ပံ့တာပါ။ အမျိုးသမီးအတွက် သီးသန့်ထောက်ပံ့တယ်ဆိုတာမတွေ့ရပါဘူး၊ တချို့အခက်အခဲတွေမှာ အမျိုးသမီးတွေက ပိုခံစားရတာ၊ ပိုလိုအပ်တဲ့ အချက်တွေ ရှိပါတယ်'' ဟု မမေစပယ်ဖြူက ဆိုသည်။
ဘေးဒဏ်သင့် ဒေသများရှိ အမျိုးသမီးတို့အတွက် နေရာထိုင်ခင်း အဆောက်အအုံများ၊ လုံခြံုရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အမျိုးသမီးများ လိုအပ်မည့် အစားအသောက် မဟုတ်သည့် ပစ္စည်းများကိုအခန်းကဏ္ဍအလိုက် ခွဲကာ ထောက်ပံ့သွားမည်ဖြစ်ပြီး စိုးရိမ်ပူပန်မှုများ ပြေလျော့စေရန်လည်း အစီအစဉ် အသေးစိတ်ရေးဆွဲကာ ဆောင်ရွက်သွားမည်ဟု မမေစပယ်ဖြူက ပြောသည်။
ကွင်းဆင်း လေ့လာချက်များအရ အမျိုးသမီးများအကြား စိုးရိမ်သောက ဖြစ်စေရသည့် အကြောင်းအရာ အခြေခံတို့မှာ သန့်ရှင်းသော ရေရရှိရေး လျှပ်စစ်မီး ရရှိရေး၊ အာဟာရပြည့်ဝသည့် အစားအသောက်များ၊ လုံခြံုမှုရှိသော အိပ်ခန်း၊ ရေချိုးခန်းနှင့် အိမ်သာများ မရနိုင်ခြင်းတို့ဖြစ်နေကြခြင်း ဖြစ်သည်။
အရေးတကြီး လိုအပ်နေသည့် ပစ္စည်းများမှာ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ အတွင်းံ၊ လုံချည်နှင့်နွေးထွေးသော အဝတ်အထည်များဖြစ်ကြပြီး အမျိုးသမီးများ ခံစားနေရသော်လည်း ထုတ်ဖော်ပြောကြားခြင်းမရှိသည့် အဓိက ကျန်းမာရေး ပြဿနာများမှာ လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွား အင်္ဂါတို့နှင့် ကြီးကြီးမားမား ဆက်စပ်နေ သည်ဟု ကွင်းဆင်းလေ့လာချက်များတွင် တွေ့ရသည်။