လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော် သင်္ကြန်ကာလတခုတွင် သိဟောင်းကျွမ်းဟောင်း လက်ဝှေ့သမားကလေး တဦးကို မဲဆောက် စျေးနားမှာ တွေ့ခဲ့ရသည်။ အပိုဆာဒါး ဟန်လုပ်မှုမရှိ၊ ညစ်ပတ်မှုမရှိ၊ သေသပ်လှပသည့် သူ့ ထိုးကွင်းသတ်ကွက်တွေကိုကြည့်ပြီး ပြည်တွင်းမှာကတည်းက ခင်မင်ရင်းနှီးခဲ့သူ ဖြစ်သည်။
(၁)
လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော် သင်္ကြန်ကာလတခုတွင် သိဟောင်းကျွမ်းဟောင်း လက်ဝှေ့သမားကလေး တဦးကို မဲဆောက် စျေးနားမှာ တွေ့ခဲ့ရသည်။ အပိုဆာဒါး ဟန်လုပ်မှုမရှိ၊ ညစ်ပတ်မှုမရှိ၊ သေသပ်လှပသည့် သူ့ ထိုးကွင်းသတ်ကွက်တွေကိုကြည့်ပြီး ပြည်တွင်းမှာကတည်းက ခင်မင်ရင်းနှီးခဲ့သူ ဖြစ်သည်။ မြစ်ဝကျွန်းပေါ်သား ကရင်ကလေး ဖြစ်၏။ ကျနော် စတင် သိကျွမ်းစဉ်က စတုတ္ထတန်းမှတတိယတန်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေခဲ့သော သူ့ကို နာမည်ရ ဒုတိယတန်း လက်ဝှေ့သမားတဦးအ ဖြစ် မဲဆောက်၌ ပြန်လည်တွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။ ကျနော့်ကို ၀မ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက်ကာ လ္ဘက် ရည်၊ကော်ဖီ၊ အချိုရည်နှင့် မုန့်မျိုးစုံရသော ဆိုင်တဆိုင်သို့ ခေါ်သွားသည်။ စကားပြောဖြစ်ကြသည်။
သူ ယခုလို ထိုင်းဘက်ခြမ်းကူး၍ လက်ဝှေ့လာထိုးနေသည်မှာ နှစ်ကြိမ်သုံးကြိမ် ရှိပြီဖြစ်ကြောင်း၊ မနှစ်ကစပြီး လာထိုးခဲ့ခြင်းဖြစ် ကြောင်း၊ ထိုင်းမှာလာထိုးရတာ ဗမာပြည်မှာ ထိုးရတာထက် ပိုပြီးကိုက်၍ဖြစ်ကြောင်း၊ လမ်းစရိတ် စားစရိတ် ပြန်နှုတ်ပြီးသည့် တိုင် ဗမာပြည်က ထိုးကြေးထက် နှစ်ဆသုံးဆလောက် ကိုယ့်အတွက်ကျန်ကြောင်း၊ အကြံအဖန်လုပ်တတ်သည့်သူတွေက တော့ အသားလည်း သိပ်မနာလိုက်ရပဲ ဗမာပြည်ထိုးကြေးထက် ငါးဆခြောက်ဆမှ ဆယ်ဆလောက်အထိ ရသွားကြောင်းများ ပြော၏။
“ဘယ်လိုအကြံအဖန် လုပ်တာလဲဗျ”
“ညှိတာလေ အကိုကြီး၊ ညှိတာ။ ထိုင်းက လာညှိတယ်လေ။ ကိုယ်နဲ့ ထိုးရမဲ့လူကို သိပ်ပြီး နာအောင် မလုပ်ဖို့၊ ဒူးတွေ တံတောင် တွေ မသုံးဖို့၊ အဲဒါမျိုးပေါ့။ သူတို့က ကိုယ့်လူတွေရဲ့ တကွက်ကောင်း နှစ်ကွက်ကောင်းတွေကို လေ့လာထားပြီးကြပြီလေ။ အဲဒါ ထိုးတဲ့အခါမှာ ဟိုဟာမသုံးရ ဒီဟာမသုံးရဆိုတာကို သတိထားပြီး ခြေချုပ်မိသလိုမျိုး ဖြစ်အောင် လုပ်တာ။ တချို့ဆို အရှုံးခံပြီး ထိုးပေးဖို့အထိ ညှိတတ်ကြတယ်။ သူတို့က လောင်းထားကြတာ။ အဲဒါကို ကိုယ့်ဘက်က သဘောတူရင် ဘယ်လောက်ပေးပါ့ မယ်ဆိုပြီး ကမ်းလှမ်းတယ်။”
“အော ဒီလိုလား။ လုပ်ပွဲသဘောမျိုးပေါ့”
“ဟုတ်ကဲ့။ ဒါပေမဲ့ လုပ်ပွဲတော့လည်း မဟုတ်ဘူး။ ခံပွဲလို့ပြောရင် ပိုကောင်းမယ်။ အဲဒီလို ကမ်းလှမ်းလာတာကို ကိုယ်က ပိုပေးဖို့ တောင်းလို့လည်း ရသေးတယ်။ သူတို့က စပေးကတည်းက လျှော့ပြီး ပေးထားတာ။ ထိုးကြေးက သပ်သပ်၊ သူတို့လာညှိတဲ့ ကြေးက သပ်သပ်။ ပိုက်ဆံလိုချင်လို့ ဒီဘက်ကမ်းမှာ လာထိုးတာ၊ ဒီမှာ တခါတလေလေး အရှုံးခံလိုက်လို့ ဗမာပြည်ထဲမှာ ဘာမှ ဖြစ်တာ မဟုတ်ဘူး၊ သိက္ခာလည်းမကျဘူး။ အရေးကြီးတာက အရင်းအနှီးလေးဘာလေးရပြီး မိန်းမကို အိမ်ဆိုင်လေးတဆိုင် လောက် ထောင်ပေးနိုင်ရင် ကောင်းမယ် ဆိုပြီးတော့၊ အဲဒီလိုမျိုး၊ ကိုယ်လိုချင်တဲ့ ကြေးရလို့ သဘောတူလိုက်ပြီဆိုရင်တော့ အဲဒါ တစ်သက်လုံး ခံပေတော့ပဲ။”
“အင်း လောလောဆယ်တော့ အိမ်ဆိုင်ကလေးဘာလေးနဲ့ အဆင်ပြေသွားမှာပေါ့လေ။ လိမ်မာလို့ရှိရင်တော့ ရေရှည်ရပ်တည် နိုင်မှာပေါ့။ ဒါပေမဲ့ အစကတည်းက ကိုယ့်အသားကို အနာခံ၊ အကွဲအပြဲခံ၊ အကျိုးအပဲ့ခံ၊ အခန့်မသင့်ရင် အသေပါခံရပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်လို့ လက်ဝှေ့ထိုးလာကြတဲ့ လူမိုက်တွေဆိုတော့” လူငယ်လက်ဝှေ့သမားကလေးက ရယ် သည်။
လက်ဝှေ့သမားတိုင်း၌ နားထင်ကို အင်အားပါသော ၀ုိက်တံတောင် ထိမိ၍ ဖြစ်စေ၊ လည်ပင်းကို ခြေခုံဖြင့် အခတ်ခံရ၍ဖြစ်စေ၊ ရင်ညွှန့်ကို ဒူးဖြင့် မိမိရရ အတိုက်ခံရ၍ဖြစ်စေ အကြောင်းအမျိုးမျိုးဖြင့် ကြိုးဝိုင်းထဲ အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအ နေ ရှိနေ၏။
“ဟုတ်တယ် အကိုကြီး။ ကျနော်တို့ဘဝကတော့ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြလို့ ဆိုရမဲ့ ဘဝမျိုးတွေပဲ။ အဲဒါ အဲဒီလိုမျိုး တဘက်ကညှိတာကို သဘောတူပြီး အရှုံးပေးလိုက်ရပြီးပြီဆိုရင်တော့ အဲဒီလူ ထိုင်းဘက်ကမ်းလာပြီး နောက်တစ်ပွဲ လောက်တော့ ကစားလို့ ရနိုင်ပါသေးတယ်။ ဒါပေမဲ့ အရင်ရခဲ့တဲ့ စျေးမျိုးတော့ သူ ရတော့မှာ မဟုတ်ဘူး။ အဲဒီတခေါက် သူထပ် ပြီး အရှုံးခံလိုက်ပြီဆိုရင်တော့ နောက်ဆို သူ့ကို ဘယ်ထိုင်းကမှ လာပြီး မကမ်းလှမ်းတော့ဘူး။ ဘယ်သူမှ မကမ်းလှမ်းပဲ အရင် တုန်းက သူနဲ့ထိုးခဲ့တဲ့လူကို သူ့ဟာသူ စိန်ခေါ်ထိုးမယ်ဆိုရင်လည်း ပွဲသွင်းတဲ့လူတွေက ပရိဿတ် စိတ်ဝင်စားမှာ မဟုတ်ဘူးဆို ပြီး လက်မခံဘူး။”
“အဲဒီမှာ သူ့အဖို့ တန်းကျတာဘဲ။ အရင်က သူနဲ့ တတန်းထဲ ဖော်ဖော်ရွေရွေ ပြောခဲ့ဆိုခဲ့တဲ့ ထိုင်းလက်ဝှေ့သမားတွေက သူ့ကို ဆေးဖော်ကြောဖက် မလုပ်တော့ဘူး။ သူနဲ့တွဲထိုးပြီး အနိုင်ယူရမယ် ဆိုရင်တောင်မှ လက်သနတယ် ဆိုတာမျိုး ဖြစ်လာကြ တယ်။ သူတွဲချင်လို့ရှိရင် အောက်တန်းက ကောင်တွေနဲ့ပဲ တွဲလို့ရမယ်။ အဲဒီကောင်လေးတွေက သူ့ကို စိန်ခေါ်ပြီးထိုးတဲ့ပွဲဆို ပရိဿတ် နည်းနည်းစိတ်ဝင်စားမှာမို့ ပွဲသွင်းတဲ့လူက အရံပွဲစဉ်အနေနဲ့ ပြန်သွင်းချင်သွင်းပေးမယ်။ အဲဒီမှာ လောင်းထားတဲ့လူ တွေက ထပ်ပြီး ညှိလာလို့ အကြံအဖန်လုပ်လိုက်မယ်ဆိုရင် ဒီလူအဖို့ကတော့ နောက်တခေါက် ထိုင်းမှာ လာလုပ်စားလို့ မရနိုင် တော့ဘူး။”
ဆိုင်ထဲသို့ ထိုင်းလူငယ်သုံးလေးဦး ရောက်လာသည်။ ကျနော်နှင့် ထိုင်စကားပြောနေသော လူငယ်ကိုအတွေ့ လက်အုပ်ချီပြီး ဆဝါဒီခပ် လှမ်း၍ လုပ်ကြသည်။ လူငယ်က ပြန်၍ လုပ်သည်။ သူတို့ လုပ်စဉ်က ကျနော့်ကိုပါ လှမ်းကြည့်ပြီး ခြံုငုံ ဆဝါဒီခပ် လိုက်သောကြောင့် ကျနော်လည်း လူငယ်နည်းတူ ပြန်လည် ဆဝါဒီခပ် လိုက်ရသည်။ ထိုင်းလူငယ်တွေက ကျနော်တို့ထံမလာပဲ ခေါင်းညိတ်ပြုံးပြပြီး လွတ်နေသော စားပွဲဝိုင်းတခုမှာ ၀င်ထိုင်ကြသည်။
“ထိုင်းက သူတို့ကို ဆော်သွားတဲ့ လူတွေဆိုရင် အရမ်း လေးစားတတ်ကြတာ။ သူတို့လာပြီးတော့ ညှိတာကို ကျေးဇူးတော့ တင်ပါတယ်။ ဒါပေမဲ့ လက်မခံပါရစေနဲ့။ အားကစားသမား ညီအကိုတွေ တယောက်အရည်အချင်းကို တယောက်သိရအောင် တယောက်နဲ့တယောက် ယှဉ်ပြိုင်ကြတာ၊ ဖလှယ်ကြတာပဲ ဖြစ်တယ်ဆိုတဲ့အကြောင်း ကောင်းကောင်းမွန်မွန်နဲ့ ပြန်ပြောပြီး ငြင်း လိုက်မယ်ဆိုရင် သူတို့ ပထမ ကမ်းလှမ်းထားတဲ့ကြေးထက် ပိုပြီး ပေးလိမ့်မယ်။ အဲဒါကို လက်မခံသေးရင် ထပ်တိုးပြီး ပေးဦး မှာဘဲ။ အဲဒါကိုမှ မရဘူးဆိုရင်တော့ သူတို့အချင်းချင်း ဘာညာဘာညာတွေ လှမ်းပြော၊ သူတို့ လက်ဆွဲအိတ်ကို မသိမသာဟပြီး အထဲက ဘာပစ္စည်း ညာပစ္စည်း စာရွက်စာတမ်းတခုခု ယူသလိုလို ရှာသလိုလိုနဲ့ သေနတ်ကို မြင်အောင်ပြမယ်။ အဲဒါကိုမှ မလိုက်လျောနိုင်တဲ့အကြောင်း အေးအေးဆေးဆေး ထပ်ပြောရင်တော့ သူတို့ မကျေမနပ်နဲ့ မျက်နှာတွေဘာတွေ ပျက်မယ်။ ဒါပေမဲ့ ဘာမှ လွန်လွန်ကျွံကျွံ ခြိမ်းခြောက်တာတွေ ဘာတွေမလုပ်ဘဲ ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပြီးတော့ ပြန်သွားကြမှာ ပဲ။ ပွဲရက်မရောက်ခင် လာပြီး ညှိကြတာဆိုတော့ သူတို့လူ သူတို့ စိတ်မချရင်၊ သူတို့လောင်းထားတာတွေကို အဆင်ပြေသလို ပြန်ပြီးတော့ ပြင်နိုင်တာပေါ့။”
“အဲဒီပွဲမှာ သူတို့လူကို ကောင်းကောင်းမွန်မွန်နဲ့ ထိုးပြီး အနိုင်ရလိုက်ပြီဆိုရင် နောက်ထပ် အဲဒီထက် လက်ရည်ကောင်းတဲ့လူနဲ့ ထိုးဖို့ ချိန်းတော့တာပဲ။ အဲဒီလူနဲ့ကျတော့လည်း ညှိတဲ့လူတွေ လာဦးမှာပဲ။ အဲဒါကို လက်မခံဘဲ အနိုင်ရလိုက်ပြီဆိုရင် သူတို့ လက်ဝှေ့သမားတွေထဲက ကိုယ့်ကိုလိုက်ပြီး ခေါ်ချင်ပြောချင်တဲ့သူတွေ၊ လေးလေးစားစားနဲ့ နှုတ်ဆက်တဲ့သူတွေ ပေါ်လာတော့ တာပဲ။ ကျနော် ဘယ်သူနဲ့မှ မညှိဘူး အကိုကြီး။ ကျနော် အဖော်လည်း မခေါ်ဘူး။ ဘယ်သွားသွား ကိုယ့်ကိုချောင်းပြီး လုပ်ကြံမဲ့ လူမရှိဘူးလို့ ကျနော် ထင်တယ်လေ။ ကိုယ့်ကိုချစ်တဲ့လူ တစ်ယောက်မှ မရှိတောင်မှ သတ်ချင်လောက်အောင် မုန်းတဲ့လူတော့ မရှိဘူးလို့ ကျနော်ထင်တယ်။ ကျနော် အလောင်းအစားလည်း မလုပ်ဘူး။ လာဘ်ပေး လာဘ်ယူလည်း မလုပ်ဘူး။”
(၂)
တံစက်မြိတ်က မိုးရေတွေ အဆက်မပြတ် ကျနေသည်။ နွေခေါင်ခေါင် အခါမဲ့ သဲသဲမဲမဲ ရွာနေသော မိုးစက်မိုးပေါက်တို့ မှာ သွပ်မိုးကို တဖျောင်းဖျောင်း ရိုက်ခတ်ဆူညံနေ၏။ မိုးသံတွေကို ဖုံးလွှမ်းနိုင်ရန်အတွက် ပြောလက်စ စကားကို သူ အော်ပြော နေသည်။
“ကျနော်တို့လည်း ဒီမှာလာတုန်းက တိုက်မလို့ လာခဲ့ကြတာပဲ။ မတရားလုပ်တာတွေကို မခံနိုင်လွန်းလို့ လာခဲ့တာဗျာ။ လူ့အခွင့်အရေးသင်တန်းတွေ၊ နိုင်ငံရေးသင်တန်းတွေ၊ တပ်သားသစ် သင်တန်းတွေလည်း တက်ပြီးပြီ။ သေနတ်ကလေး ကိုင်ရ လို့မှ သိပ်မကြာဘူး၊ အပစ်အခတ် ရပ်စဲလိုက်တာနဲ့ တိုးနေတယ်။”
“ငြိမ်းချမ်းရေးရဖို့လို့ နိုင်ငံရေး ပြဿနာတွေ တွေ့ဆုံဖြေရှင်းမယ်ဆိုပြီးတော့ အပစ်အခတ် ရပ်လိုက်တာတွေ အရင်က လည်း လုပ်ခဲ့ဖူးကြတာပဲ။ ဒါပေမဲ့ တခါမှ နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်အထိ မရောက်ခဲ့ဘူး။ တပ်တည်နေရာတွေနဲ့ ကရစ်လိုင်း သတ်မှတ်တာတွေပဲ ပြောပြီး လူထုဆန္ဒပြပွဲ အကြောင်းပြ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဆွေးနွေးပွဲတွေ ပျက်သွားတာ လည်း ရှိတယ်။ နှစ်ဘက် သဘောတူချက်တွေကို ချိုးဖောက်ပြီး ပြန်တိုက်ကြတာလည်းရှိတယ်။ အဲဒါတွေ ပြည်တွင်းစစ် နှစ် ငါးဆယ် စာအုပ်ထဲမှာ ပါတယ်။ နည်းနည်းမှ ယုံစားလို့ မရနိုင်ဘူးဆိုတာ သမိုင်းတွေ ရှိခဲ့ပြီးသားဗျာ။”
“ဒီကောင်တွေကို ဘက်ပေါင်းစုံကနေ တိုက်ရမှာဗျ။ ဘယ်သူက တရားတယ်၊ ဘယ်သူက မတရားဘူးဆိုတာ အမှန် တရားက ကိုယ့်ဘက်မှာရှိနေတယ်။ တပြည်လုံးကို ဒုက္ခရောက်အောင် လုပ်နေတာ။ ဗမာပြည်ထဲက ဗမာအများစုတောင်မှ သူတို့ကို လက်မခံဘူးဗျာ။ ကမ္ဘာ့နိုင်ငံတွေကလည်း သူတို့ကို ဒဏ်ခတ်ဖိအားပေးလိုက်၊ အခြေအနေကြည့်ပြီး ပြန်ရုတ်သိမ်းပေး လိုက်၊ ချော့လိုက် ခြောက်လိုက်နဲ့ လုပ်နေကြတာ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဘက်က ဆက်ပြီး တိုက်နေကြရမှာ။”
“တိုက်တဲ့လူကိုပဲ သူတို့က ဂရုစိုက်တယ်။ မတိုက်တဲ့လူကိုတော့ နည်းနည်းမှ ဂရုမစိုက်ဘူး။ တိုက်လို့ သူတို့လူတွေခံရ ပြီဆိုရင်လည်း ဘယ်လောက်မှ မကြာဘူး။ လာပြီးညှိတော့တာပဲ။ ဒါပေမဲ့ အဲဒီညှိတာက အကောင်းညှိတာ မဟုတ်ဘူး။ တကယ်တမ်း ပြဿနာကို နှစ်ဘက် ပြေလည်အောင် ညှိနှိုင်းဖြေရှင်းမယ်ဆိုတဲ့ သဘောထားမျိုးနဲ့ မဟုတ်ဘဲ ဘယ်လိုအမြတ် ထုတ်ရမလဲဆိုတဲ့ စိတ်ကူးနဲ့ အချိုသပ် အကောက်ကြံပြီး ညှိတာ။ တိုက်နေတဲ့လူတွေကို အရှိန်ပျက်အောင် လုပ်တာ။ တွေဝေ အောင် လုပ်တာ။ အင်းစိန်တိုက်ပွဲမှာ ကျနော်တို့ လူကြီးတွေ ခံခဲ့ရတာ အဲဒါမျိုး။ တိုက်လို့မှ မကြာသေးဘူး။ ဦးနုက ညှိမယ်ဆိုပြီး တော့လုပ်၊ စောဘဦးကြီးတို့ သွားညှိတဲ့အခါကျတော့ ဟိုပြောဒီပြောနဲ့ မလိမ့်တပတ်လုပ်ပြီး လက်နက်ချခိုင်း၊ အဲဒီအချိန်မှာ သူ့ အောက်ခြေတပ်တွေက အပစ်အခတ် ရပ်ကြပြီ။ ငြိမ်းချမ်းတော့မယ်ဆိုပြီး ကိုယ့်ဘက်ခြမ်းကို လာလည်၊ ကိုယ့်ဘက်ကလူတွေနဲ့ တပျော်တပါး အရက်တွေဘာတွေ သောက်ကြစားကြလုပ်၊ အဲဒီမှာ ကိုယ့်ဘက်က မြေပြင်အနေအထားတွေ၊ အမြောက်လက် နက်တွေ၊ ဘန်ကာကတုတ်တွေ၊ ဘယ်နေရာမှာ ဘယ်လိုရှိတယ်ဆိုတာတွေကို သူတို့လူတွေက တွေ့သွားကြပြီးပြီ။ စောဘဦး ကြီးကို ညှိလိုက်တဲ့ကိစ္စ မန်းဘဇန်က မကျေနပ်လို့ ဦးနုတို့နဲ့ ပြန်တွေ့ပြီး ပြောတဲ့အခါကျတော့ ဦးနုက ခင်ဗျားတို့ လိုချင်ရင် တိုက်ယူလို့ဆိုပြီး ပြန်တိုက်ကြတာမှာ ကိုယ့်ဘက်က ပထဝီအနေအထားတွေ ဘာတွေကို သိသွားတဲ့ သူ့တပ်တွေက အသာစီးရ ပြီးတော့ ကိုယ့်လူတွေ ခံလိုက်ရတော့တာပဲ။”
“နောက်ပိုင်းလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးတွေ၊ ငြိမ်းချမ်းရေးအယောင်ပြ ညှိနှိုင်းဆွေးနွေးပွဲတွေလည်း ဒီလိုပဲ။ လုပ် လိုက်တိုင်း လုပ်လိုက်တိုင်း ရန်သူပဲ အမြတ်ထွက်သွားတာပဲ”ဟု သူ ဆို၏။
အခါမဲ့မိုးမှာ အနည်းငယ် အရှိန်လျော့မလိုဖြင့် ပြန်၍ သည်းလာပြန်သည်။ မကြာသေးသောရက်များက ရခိုင်ဘက်မှနေ ၍ မုန်တိုင်းဝင်လာမည်ဟု သတိပေးမှုများလည်း ရှိနေခဲ့သည်။ မိုးတွင်းကာလ တော်ရုံတန်ရုံ နေသာသောနေ့များ၌ မိုးမရွာတတ် သော်လည်း ပူလွန်းအိုက်လွန်းသည့်အခါ နွေခေါင်ခေါင်ပင် ဖြစ်စေကာမူ မိုးအုံ့လာတတ်၊ လေပြင်းတိုက်လာတတ်၊ မိုးသည်းလာ တတ်ကြောင်း သဘာဝတရားက သင်ကြားပေးနေ၏။ မိုးသံကြောင့် သူ့ပြောစကားတွေကို ကျနော် မကြားတချက် ကြားတချက် ဖြစ်နေသည်။
ခုတခေါက် အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တာကတော့ အဖွဲ့အစည်းအနေဖြင့် အတော်ပင် အထိနာကြောင်း၊ မလုပ် သင့် မလုပ်ထိုက်သည့်အချိန်မှာ လုပ်လိုက်၍ဖြစ်ကြောင်း၊ ရန်သူ့အနေဖြင့် သဘောထား စေတနာမှန်ပါက တတိုင်းတပြည်လုံး ကို အပစ်အခတ် ရပ်စဲရမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း မိမိတို့၏ မဟာမိတ်များကို ရန်သူက ထိုးစစ်ဆင်နေဆဲ ရန်သူနှင့် အပစ်အခတ်ရပ်ရေး လုပ်လိုက်သည်မှာ မဟာမိတ်တွေအပေါ် မငဲ့ညှာရာကျကြောင်း၊ ရန်သူ့ ဖဲ့ထုတ် ချေမှုန်းမှုတွေအောက် တိုင်းရင်းသားအဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ပြိုကွဲပျက်စီးကြရမဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း၊ ကိုယ့်နယ်မြေထဲ ရန်သူ့တပ်တွေ ကျူး ကျော်စော်ကားလာတာကို အပစ်အခတ် ရပ်စဲရေးကာလ ဖြစ်လို့ဆိုပြီး သည်းခံရှောင်ပေးဖို့၊ ပြန်မတိုက်ကြဖို့ အမိန့်ထုတ်ထား တာကတော့ ပိုပြီး ဆိုးဝါးကြောင်း သူ ပြောနေ၏။
ရန်သူ့လုပ်ရပ်များအတွက် မခံမရပ်နိုင်ဖြစ်နေသော လူငယ်တွေရှိသည်။ မိမိတို့၏ ရပိုင်ခွင့်များအတွက် နိုင်ငံတကာ အသိအမှတ်ပြု ဥပဒေကြောင်းအရလည်းကောင်း၊ လက်ရုံးရည်အရလည်းကောင်း ရန်သူနှင့် ရင်ဆိုင်ဆွေးနွေး တိုက်ခိုက်ဖြေရှင်း လိုကြသူတွေ တပုံတပင် ရှိနေ၏။
အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူထားမှုအပေါ် အခွင့်ကောင်းယူလျက် ရန်သူသည် မိမိနယ်မြေထဲ တပ်တွေ တိုး၍ပို့၊ တပ်တည်နေရာတွေ တိုး၍ချကာ၊ ရိက္ခာနှင့်လက်နက်ခဲယမ်းတွေ တိုး၍ စုဆောင်းထားရှိလာသည်။ ၎င်းတို့စခန်းတွေကို အခိုင်အခန့် ဆောက်သည်။ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုကာ ၀င်ရောက်လာသော ပြည်တွင်းပြည်ပကုမ္ပဏီများ၏ စီးပွားရေးလုပ် ငန်းများကို အကာအကွယ်ပေး အမြတ်ထုတ်လျက်၊ ဒေသခံတိုင်းရင်းသားများ၏ လှုပ်ရှားသွားလာမှုနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုး ရေးများ၊ တနိုင်တပိုင် စီးပွားရေးလုပ်ကိုင်မှုများ၊ ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ၌ပါ ၀င်ရောက် စွက်ဖက် နှောက်ယှက်လာကြ သည်။
ရွှေ၊ ပလက်တီနံနှင့် ဓာတ်သတ္တု တူးဖော်ရေးလို၊ စိုက်ပျိုးရေး ပရောဂျက်လို စီးပွားရေး ကုမ္ပဏီတွေ ၀င်လာပြီး မြေယာ တွေကို သိမ်းယူကြသည်။ ဒေသခံတွေမှာ ကိုယ့်ပိုင်နက်ထဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် လုပ်ကိုင်၍မရတော့ဘဲ ကိုယ့် နယ်မြေထဲမှ ပစ္စည်းများအား ၎င်းတို့ထုတ်ယူနေကြသည့်အဖြစ်ကို စိ်တ်မချမ်းသာစွာ ကြည့်နေကြရသည်။ မကြည့်နိုင် မမြင် ရက်ကြသူတို့အနေဖြင့် မျက်နှာလွှဲနေကြရ၏။
ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့သော အပစ်အခတ်ရပ်စဲရေးသည် ရန်သူနှင့် နှစ်ကြိမ်သုံးကြိမ် တွေ့ပြီးသည့်တိုင်ပဏာမ သဘောတူညီသည့်အဆင့်မှ မတက်နိုင်သေး။ မကြာခင်မှာတော့ code of conduct နှစ်ဘက်လိုက်နာရမည့် စည်းကမ်းချက် များနှင့် ပတ်သက်၍ ဆွေးနွေးကြဖို့ ရှိသည်။ နိုင်ငံရေး ဆွေးနွေးသည့်အဆင့်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်မည့် အဆင့်ကမူ ကော်သူးလေနယ်မြေမှ တောတောင်ရေမြေများ၊ မြေပေါ်မြေအောက် သဘာဝသယံဇာတများ ခမ်းခြောက်ပျောက် ကွယ်မသွားခင် ဖြစ်မြောက်ကောင်း ဖြစ်မြောက်နိုင်ပေလိမ့်မည်။
(၃)
အင်တာဗျူး ဗီဒီယိုဖိုင်တခုတွင် ပဒိုမန်းငြိမ်းမောင်၏ သဘောထားခံယူချက်ကို တွေ့ရသည်။
“ကျနော်ပြောမယ်။ ငြိမ်းချမ်းရေး လုပ်ဖို့လို့ ကျနော်တို့က ရိုးရိုးသားသား လုပ်နေတာ။ ယုံကြည်မှုနဲ့ လုပ်နေတာ။ တချို့ လူတွေက ခင်ဗျား အစိုးရကို သိပ်ယုံကြည်မှု ပေးလွန်းအားကြီးတယ်တဲ့။ ဟုတ်တယ်။ ကျနော်တို့က ယုံယုံကြည်ကြည်နဲ့ကို လုပ် နေတာ။ ဒါဆို ခင်ဗျားလိမ်ရင် ဘယ်လိုလုပ်မလဲတဲ့။ လိမ်ပါစေလို့။ ကျနော်တို့က အလိမ်ခံရဲတယ်လို့။ ဒါပေမဲ့ တစ်ခုပဲရှိတယ် နော်။ ကျနော်တို့ကရင်က အကြောင်းကိစ္စတခုကို ယုံကြည်ခဲတယ်။ ယုံကြည်ပြီဆိုရင်လည်း ဘယ်တော့မှ မလျှော့ဘူး။ အခု ကျနော်တို့ကို လိမ်လို့ရှိရင် ကရင်လူမျိုး သားစဉ်မြေးဆက် ငြိမ်းချမ်းရေးရဖို့ဆိုတာ ခင်ဗျား မမျှော်မှန်းနဲ့တော့။ ဒါ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ ဗီဇပဲ။”
လွန်ခဲ့သည့်နှစ် နှစ်ဦးပိုင်း၊ စစ်အုပ်စုနှင့် အရပ်ဝတ်အရေခြုံသမ္မတ၏ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့မှ စတင် တွေ့ဆုံ ဆွေးနွေးမှုများ၊ အပစ်အခတ်ရပ်ရေးကိစ္စ သဘောတူညီချက်များမှာ ယခင့် ယခင် တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ တို့နှင့် ဆွေးနွေးခဲ့စဉ်တုန်းကလို တင်ပြဆွေးနွေးကြသည့် အချက်တစ်ချက်ချင်းအပေါ် သေသေချာချာ ဖတ်ရှုပြီး အချိန်ယူ ညှိနှိုင်းကာ အကျိုးအကြောင်းပြ ငြင်းပယ်ခြင်း လက်ခံခြင်းများ မဟုတ်ဘဲ ဆွေးနွေးရန် တင်ပြသည့် အချက်အားလုံး (၁၁ချက်လုံး)ကို သဘောတူလက်ခံကြောင်း၊ နောက်ထပ် တင်ပြလိုသည့် အချက်များ ရှိလျှင်လည်း တင်ပြနိုင်သေးကြောင်း ချက်ချင်းလက်ငင်း သဘောတူလိုက်သည်မှာ ဗြောင်ကျကျ မြန်ဆန်လွန်း၊ လိုက်လျောလွန်း၊ ယုတ္တိမရှိလွန်းသောကြောင့် အနည်းငယ် သံသယဝင်ခဲ့ ကြသူတွေ ရှိသည်။ ထိုသူတို့မှာ တိုင်းရင်းသားဒေသများအတွင်း စစ်အုပ်စုတပ်တို့၏ လုပ်ရပ်များနှင့် သမ္မတသိန်းစိန်တို့ အဖွဲ့၏ အချီအချ၊ အရှောင်အတိမ်း၊ စည်းလားကိုက် ဆောင်ရွက်မှုများကို တွေ့လာရသည့်အခါမှာတော့ မည်သည့်အခါကမျှ မသွေဖည် ခဲ့သော စစ်အုပ်စု၏ မဟာဗျူဟာ ရည်မှန်းချက်နှင့် နည်းဗျူဟာတို့ကို ကောင်းကောင်းကြီး သဘောပေါက် သိမြင်သွားကြပြီ ဖြစ် လေသည်။
တကယ်တော့ စစ်အုပ်စုတွင် တိုင်းရင်းသားတို့နှင့် စစ်မှန်သောငြိမ်းချမ်းရေးကို တကယ်တမ်း အကောင်အထည်ဖော် တည်ဆောက်လိုသည့် စိတ်စေတနာ ယခင်ကတည်းက မရှိခဲ့ချေ။ တဦးနှင့်တဦး ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ခါးသီးသည့် အတိတ်ဖြစ်ရပ်ဆိုးများကို အပြန်အလှန် သင်ပုန်းချေရေး စသည့် စကားလုံးလှလှကလေးတွေ သုံးပြီး ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေးအတွက်ကိုမူ တကယ်တမ်း အားထုတ်ခြင်းမပြုခဲ့။ သဘောတူ ကတိကဝတ်များ ခပ်မြန်မြန် ပေးပြီး ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်သည့် အဆင့်တွင်သာ ရှိနေခဲ့သည်။
ခံယူချက်ခိုင်မာသည့် တကျွန်းပြန် ပဒိုမန်းငြိမ်းမောင်လို အမာစားပုဂ္ဂိုလ်များက ရင်ဘတ်ကြီးတခုလုံးရင်း၍ အူလှိုက် သည်းလှိုက် ယုံကြည်ပြနေသည့်တိုင် ၎င်းတို့ဘက်က အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို မျက်နှာလွှဲနေခဲ့သည်။ မကြာသေးမီက ယူအဲန်အက်ဖ်စီနှင့် တွေ့ဆုံခဲ့ကြသော်လည်း ကြားရသူများ လောလောဆယ် ကျေနပ်အားရစေရန်အတွက် ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ် ပြောခဲ့လိုက်ပြီး အကြိမ်ကြိမ် ချိုးဖောက်လေ့ရှိတတ်သော ၎င်းတို့၏ ကတိကဝတ်များကို မျက်စိမှိတ် ယုံစား၍ မရ။
၎င်းတို့ အပစ်အခတ်ရပ်စဲရေးလုပ်ခြင်းမှာ တိုင်းရင်းသားတို့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မဟုတ်ဘဲ တိုင်းရင်းသား တဖွဲ့စီကို ထိုးစစ်ဆင်နေစဉ်အတွင်း ကျန်အဖွဲ့များက စစ်ကူမပေးနိုင်ရန် အဟန့်အတား လုပ်လိုက်သည့် သဘောသာဖြစ် ကြောင်း၊ တိုင်းရင်းသားတို့ နယ်မြေထဲ စီးပွားရေးလုပ်ငန်းများလုပ်ခြင်း၊ ဒေသတွင်း လူအဝင်အထွက် များစေခြင်းဖြင့် လူထုနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား လူမှုရေး စီးပွားရေးကိစ္စများ ရှုပ်ထွေးအောင်လုပ်ပြီး စစ်ရေးကိစ္စအပေါ် အာရုံမစိုက်နိုင် ရန် ဦးတည်သည့် စစ်ဆင်ရေးနည်းဗျူဟာတခုဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကြွေးကြော်နေသော ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ယုံကြည်မှု တည်ဆောက်ရေး ဆိုသောစကားများမှာလည်း ၎င်းတို့၏ စစ်နည်းဗျူဟာ လိုအပ်ချက်အရ အယောင်ပြ ကျင့်သုံးနေ ခြင်းသာဖြစ်ကြောင်း တိုင်းရင်းသားအများပင် သိမြင်လာကြပြီ ဖြစ်သည်။
မဆလကျွန် ၁၅နှစ်လုပ်ခဲ့ဖူးပြီး ၈၈ လူထုအုံကြွမှု အရေးတော်ပုံအတွင်း နယ်စပ်ဒေသ တော်လှန်ရေး အဖွဲ့အစည်းသို့ ရောက်လာခဲ့သော ရခိုင်အမျိုးသား တပ်ကြပ်ကြီးဟောင်းတဦးက ဆိုသည်။
“သူတို့လုပ်တဲ့ အပစ်အခတ်ရပ်စဲရေးက တကယ်တမ်း ခိုင်မာသလား မခိုင်မာဘူးလားဆိုတာ တခြားမကြည့်နဲ့ဗျ။ ၁၇နှစ်တောင် အပစ်ရပ်လိုက်ပြီးတော့မှ ပြန်တိုက်နေရတဲ့ ကချင်အဖွဲ့ကိုပဲကြည့်၊ အခု ပြန်တိုက်နေတာ ၂နှစ်ပြည့်တော့မယ်။ ကြားထဲမှာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးမယ်ဆိုပြီးတော့ ဘယ်နှစ်ခါရှိပြီလဲ တွေ့တွေ့နေကြတာ။ တွေ့ဆုံဆွေးနွေး ရေးလုပ်နေပြီဆိုရင် သူတို့တပ်တွေက ကချင်တပ်စခန်းတွေကို ကျူးကျော်ရန်စတာတွေလုပ်၊ တော်ကြာ ဟိုနေရာမှာ တိုက်ပြန် ပြီ။ တော်ကြာ ဒီနေရာမှာ တိုက်ပြန်ပြီ။ အပစ်အခတ် ရပ်စဲဖို့ ဆွေးနွေးနေပါတယ်ဆိုမှ၊ ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆွေးနွေးကြပါတယ်ဆိုမှ၊ ဆွေးနွေးရင်း တန်းလန်း တိုက်နေရတာဟာ သိပ်တော့ အဓိပ္ပါယ်မရှိဘူး။ အခုလည်း ဆွေးနွေးမယ်ဆို ပြီး ချိန်းထားတဲ့ကြားကပဲ ဟိုနေရာတိုက် ဒီနေရာတိုက် လုပ်နေကြပြန်ပြီ။ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထား တဲ့ ရှမ်းပြည်တောင်ပိုင်းကော၊ မြောက်ပိုင်းကော၊ ပလောင်နယ်မြေဘက်တွေမှာပါ ထိုးစစ်တွေ ခဏခဏ လုပ်နေတယ်”
(ဆက်လက် ဖော်ပြပါမည်)