ရှမ်းပြည်နယ် တာချီလိတ်ခရိုင်အတွင်း သမ္မတ ဦးသိန်းစိန် တိုင်းမှူးတာဝန်ထမ်း ဆောင်စဉ်က သဘောတူ လုပ်ကိုင်စေခဲ့သော နှစ်ရှည်ရော်ဘာစိုက်ခင်းကို လက်ရှိတွင် လုပ်ကိုင်ခွင့်မရတော့၍ ပြန်လည် လုပ်ကိုင်လိုကြောင်း ယင်းစိုက်ခင်းအတွက် အစုရှယ် ယာထည့်ဝင်ခဲ့သူများက ပြောသည်။
ယင်းစီမံကိန်းမှာ တာချီလိတ်ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် ၁၉၉ဝ ခုနှစ်က လုပ်ကိုင်စေခဲ့ခြင်းဖြစ်ပြီး ပြန်လည် လုပ်ကိုင်လို ကြောင်းကို အစုရှယ်ယာထည့်ဝင်သူများ က ဇွန် ၂၅ တွင် မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ခရိုင်စိမ်းလန်းစိုပြည်ရေး စီမံချက်ဖြင့် လုပ်ကိုင်ခဲ့သော ယင်းစီမံကိန်းတွင် တာချီ လိတ်ဒေသခံများဖြစ်သော ဦးအာဟီး၊ ဦးအာတူ၊ ဦးကိုဦးတို့ သုံးဦးအား တိုင်းမှူး ဦး သိန်းစိန်က လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ၎င်းတို့မှ တစ်ဆင့် ရှယ်ယာထည့်ဝင်လိုသူများကို အစု ရှယ်ယာတစ်စုလျှင် ကျပ် ၁ဝ သိန်းဖြင့် ထည့် ဝင်စေခြင်းဖြစ်ကြောင်း အစု ရှယ်ယာထည့် ဝင်ခဲ့သူ ဦးချမ်းမင်း က ပြောသည်။
၎င်းက ''နှစ်ရှည်စီမံကိန်းအတွက် ဆိုပြီး ရော်ဘာပင်တွေ စိုက်ခိုင်းခဲ့တယ်။ အခုချိန်မှာတော့ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးကို တည်ဆောက်ထားတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ခွင့်ပြုချက်ကို ခွင့်ပြုပေးစေချင်တယ်'' ဟု ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် ယင်းနေရာ၌ ပုဂ္ဂလိကပိုင် အမည်တပ်ထားသော တာဝေမီးစက် စက်ရုံအဆောက်အဦးများကိုဆောက်လုပ်ထားပြီး ယင်းကိစ္စများကို ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေး ရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။
အစုရှယ်ယာ ဆယ်သိန်း ထည့်ဝင်ခဲ့သူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဦးဝင်းမြင့် က ''လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ အနေနဲ့ ရှိစုမဲ့စု ရင်းနှီးမြှုပ်နှံထားတာလေးတွေ ပြန်ပြီး လိုချင်တယ်။ ပြန်ပြိး ရော်ဘာပင်တွေ စိုက်ပျိုးခွင့် မရရှိခဲ့ဘူးဆိုရင်လည်း ကာလ တန်ကြေးကို ခန့်မှန်းပြီး လျော်ပေးသင့်တယ်။ ဘာမှ အကျိုးအမြတ် မရရှိဘဲ ၁၀ နှစ်ကျော် ရင်းနှီးထားတဲ့ အရင်းနှီးရဲ့ တန်ဘိုးကို ပြန်လို ချင်တယ်'' ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ရှမ်းပြည် နယ်၊ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တရားရုံးများတွင် တိုင်ကြားခဲ့သော်လည်းဖြေရှင်းပေးမှုမရှိခဲ့ဟုဆိုပြီး နိုင်ငံတော် သမ္မတအနေဖြင့် လက်ရှိ အချိန်တွင် ပြန်လည်ဖော်ထုတ်ပေးစေလိုကြောင်း စာနယ်ဇင်းများနှင့် တွေ့ဆုံခဲ့သည့် အစုရှယ်ယာထည့်ဝင်ခဲ့သူ များက ဆိုသည်။