တရားစွဲရန် ပြင်ဆင်သူကို အီတာလျံ-ထိုင်းကုမ္ပဏီ ခေါ်ယူညှိနှိုင်း

တရားစွဲရန် ပြင်ဆင်သူကို အီတာလျံ-ထိုင်းကုမ္ပဏီ ခေါ်ယူညှိနှိုင်း
by -
မဇ္စျိမ

ထားဝယ်-ကန်ချပူရီ လမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာမှုများအတွက် တရားစွဲရန် ပြင်ဆင်ပြီး နောက်ပိုင်း အီတာလျံ-ထိုင်းကုမ္ပဏီက ခေါ်ယူညှိနှိုင်း ခဲ့ကြောင်း ဥယျာဉ်ခြံပိုင်ရှင် ဦးဝင်းလွင်ဦး က ပြောသည်။

ထားဝယ်-ကန်ချပူရီလမ်းကို ဖောက်လုပ်ခြင်းကြောင့် နှစ်ရှည်ပင်များပျက်စီး ခြင်း၊ ချောင်းငယ်များပိတ်မိခြင်း မိုးရာသီတွင် ရေဝပ်ပြီး အပင်များပျက်စီးခြင်းတို့ကို အရေးတယူ ဆောင်ရွက်ပေးမှုမရှိသည့်အတွက် ဇွန်လ ၁၈ ရက်တွင် ခြံဧရိယာကို ဖြတ်ဖောက်ထားသည့် လမ်းအူကြောင်း နှစ်နေရာအား ခြံစည်းရိုးခတ်ခဲ့သည်။

ထို့နောက် တရားစွဲဆိုနိုင်ရန် ဇွန်လ ၂၁ ရက်တွင် ရေဖြူမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်တိုင်ကြား ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ရဲစခန်းသို့တိုင်ကြားပြီး နောက်တစ်ရက် ဇွန်လ ၂၂ ရက်တွင် ကုမ္ပဏီမှ တာဝန်ရှိသူက ခေါ်ယူတွေ့ဆုံ ညှိနှိုင်းလာပြီး ဥယျာဉ်ခြံသို့ အီတာလျံ-ထိုင်းမှတာဝန်ရှိသူအပါအဝင် ၂ဝ ဦးခန့်မှ ကွင်းဆင်းစစ်ဆေးကာ ညှိနှိုင်းမှုပြုလုပ်ခြင်း ဖြစ်ကြောင်း ဦးဝင်းလွင်ဦးက ပြောသည်။

''အပင်တော့ အရေအတွက် တွက်ပြီးပြီ။ အပင် ၆ဝဝ ကျော်ကို လျော်ကြေးငွေ ကျပ် ၁၃၅ သိန်းပေးမယ်လို့ အကြမ်းအားဖြင့် သဘောတူထားတယ်။ ကုမ္ပဏီဘက်က တစ်ပတ်အတွင်းပေးချေမယ်လို့ ပြောထားတော့ တရားစွဲမယ့် အစီအစဉ်ကို ခဏဆိုင်းငံ့ထားတယ်'' ဟု ဦးဝင်းလွင်ဦး က ဆိုသည်။

အီတာလျံ-ထိုင်းကုမ္ပဏီမှ ထားဝယ်-ကန်ချပူရီလမ်း ဖောက်လုပ်ရာတွင် တလိုင်း ယာဧရိယာအတွင်းရှိ ၂၁ ကီလိုမီတာနှင့် ၃၈ ကီလိုမီတာအကြား လမ်းအူကြောင်း ဖောက် လုပ်ရာမှ ဥယျာဉ်ခြံထိခိုက်သူများအနက် ကျန်ရှိသည့် ဥယျာဉ်ခြံရှင် ၁၃ ဦး ကိုလည်း လျော်ကြေးပေးဆောင်ရန် အကြမ်းအားဖြင့် သဘောတူထားကြ သည်ဟု ၎င်းကပြောသည်။

''အခုလိုမျိုးပြည်သူတွေက လမ်းခြံ ခတ်မှ ဆောင်ရွက်ပေးတာထက် ခြံမခတ် ခင်ကတည်းက မှန်မှန်ကန်ကန် လုပ်ပေးစေချင်တယ်။ လမ်းဖောက်ရာမှ ဥယျာဉ်ခြံ ထိခိုက်ပြီး လျော်ကြေးမရသေးတဲ့သူတွေရှိသေးတယ်'' ဟု ဦးဝင်းလွင်ဦး က ဆိုသည်။

ဦးဝင်းလွင်ဦးအပါအဝင် ထိခိုက်နစ်နာသူ ၁၄ ဦးသည် အီတာလျံ-ထိုင်း အပါအဝင် သက်ဆိုင်ရာသို့ မိမိတို့ ထိခိုက်နစ်နာမှုများကို ဖြေရှင်းပေးရန် ယခုနှစ်အတွင်း ခြောက်ကြိမ်တောင်းဆိုခဲ့သော်လည်း အရေးယူ
ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။

Most read this week