တောင်ကိုရီးယားက တံတားဆောက်မည်ဆိုသော သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း စျေးအဆမတန် မြင့်တက်လာသော ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ မြေကွက်များအား ရှမ်းတရုတ်ဟု ထင်ရသူများက
ရောင်းသမျှ အကုန်လိုက်ဝယ်နေကြောင်း နယ်မြေခံ ပြည်သူများနှင့် အိမ်ခြံမြေ ပွဲစားများက မဇ္စျိမသို့ပြောကြားသည်။
တံတားတည်ဆောက်မည်ဟု သတင်းများ မထွက်ပေါ်မီက ကျပ် သိန်း ၅ဝ၊ ၆ဝ ဝန်းကျင်တန်ဖိုးရှိ ဒလမြို့ရှိ မြို့ပေါ်ရပ်ကွက်အချို့မှ မြေကွက်များသည် သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း အနည်းဆုံး ကျပ် သိန်းပေါင်း၂ဝဝ မှ ၅ဝဝ အထိ မြင့်တက်သွားကြောင်း ယင်းတို့က ပြောကြားသည်။
ဒလမြို့ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် ဦးဉာဏ်မြင့် က ''ရှမ်းတရုတ်တွေက မြို့ထဲအထိဆင်းပြီး အုပ်စုလိုက် ကားတွေနဲ့ လှည့်ဝယ်နေတယ်။ နိုင်ငံခြားသားတွေတော့ မဟုတ်လောက်ပါဘူး။ ရပ်ကွက် တိုင်းမှာလည်း ပွဲစားတန်းတွေ ပေါ်လာတယ်။ ဒေသခံတွေက ပွဲစားတွေဖြစ် ကုန်တယ်။ တံတားပြီးရင်တော့ သိန်း ထောင်ဂဏန်း ဖြစ်လာနိုင်တယ်'' ဟု ပြောသည်။
လက်ရှိအချိန်တွင် ဒလမြို့ပေါ် ရပ်ကွက်အချို့တွင် ပေ၂ဝx ပေ၆ဝ၊ ပေ၂၅x ပေ၅ဝ နှင့် ပေ၄ဝx ပေ၆ဝ မြေကွက်များအား ကျပ်သိန်းထောင်ချီ၍ စျေးခေါ်နေကြသော်လည်း လက်တွေ့ အရောင်းအဝယ် ဖြစ်သော စျေးမှာ အများဆုံး ကျပ်သိန်း ၅ဝဝ အထိသာဖြစ်သေးကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များ နှင့် ဒေသခံပြည်သူများက ဆက်လက်ပြောကြားသည်။
ဒလမြို့နယ် ကနောင်မင်းသားလမ်းရှိ အိမ်ခြံမြေ အကျိုးဆောင် ဦးထွန်းထွန်း က '' အခုအထောက်အထား ခိုင်လုံတဲ့ မြေကွက်ဟူသမျှကို လိုက်ဝယ်နေကြပါတယ်။ စျေးကစားတဲ့သူတွေ အရောင်းအဝယ် နည်းတာဖြစ်ပြီးမြေရှင်တွေဆီကပဲ တိုက်ရိုက် ဝယ်သွားတာ များပါတယ်'' ဟု ပြောကြားသည်။
အထက်ပါကဲ့သို့ မြေစျေးများ မြင့်တက်လာချိန်တွင် ဒေသခံပြည်သူအချို့အနေဖြင့် ရောင်းလိုအား မြင့်တက်နေကြောင်း ယင်းတို့က ဆက်လက်ပြောကြားသည်။
အမည်မဖေါ်လိုသူ ဒလဒေသခံ တစ်ဦးက ''မရှိတဲ့ သူတွေအဖို ့ရောင်းချပြီး ပြောင်းရွှေ့့နေထိုင်ရတာပေါ့။ ရလာတဲ့ ငွေကို အကြွေးတွေဆပ်တယ်။ ဒီရတဲ့ ပိုက်ဆံနဲ ့ အခုအချိန် အိမ်ပြန်ဝယ်နိုင်တဲ့သူက ရှားတယ်။ အိမ်ပြန်ငှားပြီး နေတဲ့သူက များတယ်။ အမှန်က ဒီလို မဖြစ်လာသင့်ဘူး။နေ စရာမရလို့ ရှိရင်ကော ဘယ်မှာသွား နေရမတုန်း။ ကျူးကျော်နေရင်ကော စည်ပင်နဲ့ ပြဿနာတက်မယ်'' ဟု ပြောကြားသည်။
၂ဝ၁၂ ခုနှစ် မေလတွင် ရန်ကုန် နှင့် ဒလအား ရေအောက်ကားလမ်း ဖောက်ရန်စီမံချက်ရှိသည်ဟုဆောက် လုပ်ရေး ဝန်ကြီးဌာနက သတင်းများ ထုတ်ပြန်ခဲ့သဖြင့် ယင်းအချိန်ကလည်း မြေစျေးများထိုးတက်ခဲ့သေး သည်။