ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် PR (အချိုးကျ ကိုယ်စားပြု) စနစ်၊ ဖယ်ဒရယ်စနစ်တို့နှင့် ပတ်သက်သော စာတမ်းများ ဖတ်ကြားခဲ့သော်လည်း တိကျသော ဆုံးဖြတ်ချက်များ မချနိုင်သေးကြောင်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ တွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။
၎င်းကပြောကြားရာတွင် ထိုစနစ်များကို ဆက်လက်လုပ်ဆောင်ရန် ယခုအစည်းဝေးတွင် ဆုံးဖြတ်ချက်မချနိုင် သေးဘဲ ဗဟိုကော် မတီသို့ လွှဲပြောင်းပေးလိုက်သည်ဟု ပြောသည်။
PR စနစ်အား ၂ဝ၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည် မသုံးမည်ကို လာမည့်လွှတ် တော်တွင် ဆွေးနွေးနိုင်ချေရှိကြောင်း ၎င်းက ပြောပြီး ''ဗဟိုအလုပ်မှုဆောင်ကော်မတီက PR စနစ်နဲ့ ပတ်သက်လို့ရော ကျန်တဲ့စနစ်တွေနဲ့ ပတ်သက်လို့ရောလေ့လာပြီးတော့ ဆက်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။ ဒီနေ့ ဆုံးဖြတ််ချက်မကျ သေးပါဘူး'' ဟု ဆိုသည်။
ပြင်ဆင်ရန် လိုအပ်ပါကဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မည်
ဖယ်ဒရယ်စနစ်နှင့် ပတ်သက်၍လည်း ဦးဌေးဦးက စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားလိုက်ပြီး ဖယ်ဒရယ်စနစ်သည်ခွဲထွက်ခြင်း လုံးဝမဟုတ်ကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖယ်ဒရယ်သဘောဆောင်မှု ရှိမရှိကိုပြည်ခိုင်ဖြိုးပါတီအနေဖြင့် သုံးသပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်မည် ဟုလည်း မီဒီယာများကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် NLD အပါအဝင် အခြားပါတီများကလည်း ဆွေးနွေးခဲ့ပြီး အသေးစိတ် အချက် အလက်များကိုမူ ပြောကြားခြင်း မရှိသေးပေ။
အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါတီမှ နုတ်ထွက်ရန် ဆွေးနွေးခြင်း မရှိ
အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်ရာထူးမှနုတ်ထွက်ရမည်ဟု အစည်းအဝေးတွင် ဆွေးနွေးခြင်း မရှိကြောင်းလည်း ဦးဌေးဦးက ပြောသည်။
''ဒီကိစ္စကို ဆွေးနွေးခြင်းမရှိပါဘူး။ သမ္မတကြီးအပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးများ အားလုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂ဝဝ၈မှာ ပြည်ထောင်စုအဆင့် ရှိသောပုဂ္ဂိုလ်တွေသည် ပါတီ၏လုပ်ငန်းစဉ် များကို မလုပ်ရဘူးလို့ပြောတယ်။ အဲဒါ ကြောင့် လုပ်ကိုင်ခြင်းမရှိဘူး'' ဟု ၎င်းးက ပြောသည်။
ယင်းကိစ္စအား ဇွန်လ ၂၂ ရက်က RFA သတင်းတစ်ရပ်တွင် ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်းတို့အပါအဝင်ပြည်ထောင်စုအဆင့် ဝန်ကြီးများသည် တာဝန်ထမ်း ဆောင်ချိန်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို အလုပ်မှုဆောင် ရာထူးမှ ခေတ္တရပ်ဆိုင်းထားရန် ပါတီ၏ ဗဟိုညီလာခံအစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ရေးသားထားခြင်းဖြစ်သည်။ သို့သော်လည်း ဆွေးနွေးခြင်း မရှိဟု ဦးဌေးဦးက ပြောကြားခြင်းဖြစ်သည်။
NLD နှင့် ညွန့်ပေါင်းလုပ်ရန် စောနေသေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသူရရွှေမန်း၏ အမေရိကန် ခရီးတွင် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး လိုအပ် ပါက NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရလုပ်ရန် ပြောကြားခဲ့ခြင်းသည် အချိန်စောနေ သေးသည်ဟု ဦးဌေးဦးက မီဒီယာများ၏ အမေးကို ပြန်လည်ဖြေကြားခဲ့သည်။
''ဒီအခြေအနေ အချိန်အခါမှာ အစိုးရ ဖွဲ့စည်းဖို့ပြောရမယ့် အချိန်လား။ ပြောရော ပြောမှာလားဆိုတာ ဒါစဉ်းစား ကြည့်ပါ။ ဒီ ဟာက ဘယ်လိုဖွဲ့စည်းမယ်ဆိုတဲ့ဥစ္စာသည် စောများစောနေလားလို့။ ဒီဟာက ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ လုံးဝမဆွေးနွေးဘူး။ ဒါနဲ့ပတ်သက်ပြီး ပြောတာမရှိဘူးလို့ပဲ အတိအကျပြောလို့ရပါတယ်'' ဟု ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပါတီ၏သဘော ထားသည် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ပြီး နိုင်ငံအတွက် အကျိုးရှိမည် ဆိုပါက NLD ပါတီသာမက မည်သည့်ပါတီမဆို ပူးပေါင်း ဆောင်ရွက်မည်ဟု ဦးဌေးဦးက မီဒီယာများကို ပြောသည်။ သို့သော်လည်း ပါတီ၏ ဒု- ဥက္ကဋ္ဌဖြစ်သူ ဦးအောင်သောင်းကမူ ပါတီ ဥက္ကဋ္ဌ၏ အမေရိကန်ခရီးစဉ်တွင် ပြောသော စကားအား ပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ပါတီဝင်များအား ရှင်းလင်းပြောကြားသင့်ကြောင်း ပြည်တွင်း ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သည့် သံတော်ဆင့် ဂျာနယ်သို့ ပြောကြားခဲ့သည်။
ဗဟိုကော်မတီအစည်းအဝေးသို့ ဦးအောင် သောင်း တက်ရောက်ခြင်းမရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုညီလာခံ ပထမအကြိမ် အစည်းအဝေးကို ဇွန်လ ၂၂ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပ ခဲ့ပြီး ၂၄ ရက် ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲကိုပြုလုပ်ခဲ့သည်။