ကယား(ကရင်နီ)ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ ကာလအတောအတွင်း ကြီးကြပ်စောင့်ကြည့်ရန် ကော်မတီတရပ် ဖွဲ့စည်းရာမှာ ကရင်နီအမျိုးသားတိုးတက်ရးပါတီ - KNPPနဲ့ အစိုးရတို့ဘက်က တာဝန်ပေးအပ်သူတွေ ပါ၀င်နေတဲ့အတွက် လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့ မဟုတ်သေးဘူးလို့ လေ့လာသူက ပြောဆိုပါတယ်။
ပူးတွဲကြီးကြပ် စောင့်ကြည့်ရေးကော်မီတီ (Joint Monitoring Committee) ဖွဲ့စည်းဖို့ ကယားပြည်နယ်အစိုးရမှ တာဝန်ပေးအပ်သူ နှစ်ဦး၊ KNPP မှတာဝန်ပေးအပ်သူ နှစ်ဦးနဲ့ သမာသမတ်ကျသော ရပ်မိရပ်ဖ ခြောက်ဦး စုစုပေါင်း ၁၀ ဦးဖြင့်ဖွဲ့စည်းရန် ယမန်နေ့က ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သဘောတူ ထုတ်ပြန်ထားပါတယ်။
"ဒီကော်မတီက ကျနော်တို ့နားလည်ထားတာ Problem Solving (ပြဿနာဖြေရှင်းဖို့) ကော်မတီဖြစ်သင့်တယ်။ ဒါပေမဲ့ဒီနေရာမှာ ဒီကော်မတီကို ဖွဲ ့မည့် ၁၀ ဦးက Monitoring (ကြီးကြပ်စောင့်ကြည့်ရေး) ကော်မီတီ ဒါမှမဟုတ်ရင် Group (အဖွဲ့)လို့ ပြောလိုက် တဲ့ခါကျတော့ ကျနော်တို ့ထင်ထားတဲ့ ပုံစံမျိုးနဲ့ ကွာနေတာပေါ့လေ။ ဆိုတော Independence (လွတ်လွတ်လပ်လပ်) ဘယ်လောက်ဖြစ်နိုုင်မလဲဆိုတာကို ဒီကိစ္စတော့ ကျနော်တို့ ပြောလို့မရနိုင်ဘူး"လို့ ဆွေးနွေး ပွဲကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ စာပေ/ယဉ်ကျေးမှုကော်မတီ ပြောခွင့်ရ ဆရာပလူးရယ်က ပြောပါတယ်။
ကော်မတီအနေဖြင့် လူမှုအခြေပြုအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများ၊ ပြည်တွင်း NGOs များနဲ့ လက်တွဲဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းလမ်းညွန်ကို နှစ်ဘက်(အစိုးရနှင့်KNPP) တာဝန်ရှိသူများမှ ညှိနှိုင်းရေးဆွဲ အတည်ပြုသွားမှာဖြစ်ပြီး စောင့်ကြည့်လေ့လာသည့် သတင်းအချက်အလက်ပေးပို့သူ လူပုဂ္ဂိုလ်အဖွဲ့အစည်းတို့ကို နှစ်ဘက်စလုံးမှ ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားဥပဒေမဲ့ အရေးယူအပစ်ပေးခြင်းများ မပြုလုပ်ရန် သဘောတူထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အစိုးရနဲ့ KNPP အကြား ၂၀၁၂ ခုနှစ်မတ်လ ရ ရက်နေ့မှာ မဏာမအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ခဲ့ပြီးတဲ့နောက် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာဖို့ လူထုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ပူးပေါင်းပြီး ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ကြည့်ရေး ကွန်ယက်ဖွဲ့စည်းခဲ့ကြပေမဲ့ အစိုးရမှ တရားဝင် အသိအမှတ်ပြုမှု မရှိခဲ့တဲ့အတွက် လုပ်ငန်းများ ဖေါ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
"ကျနော်တို ့နားလည်ထားတာက Local Monitoring Team ဆိုတာက တကယ့်ဒေသခံနဲ့ ဖွဲ ့ပြီးမှသူတို့ကို လွတ်လွတ်လပ်လပ် ပေး လုပ်တဲ့ လုပ်ငန်းတခုဖြစ်တယ်"လို့ ဆရာပလူးရယ်က ဆက်ပြောပါတယ်။