နေပြည်တော်တွင် ယခုလ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၃ ရက်ကြာ ကျင်းပနေသည့် ကျောက်မျက်ပြပွဲသို့ ၀င်ရောက် ကြည့်ရှုမည့် ကုန်သည်များအား ကြိုတင်ငွေပေးသွင်းရန် သတ်မှတ်ထားရာ အဆိုပါငွေမပေးသွင်းသော နိုင်ငံခြားသား ကုန်သည်များ ကျောက်မျက်ပြပွဲသို့ ၀င်ရောက်ခွင့်မရရှိကြောင်း သိရသည်။
နိုင်ငံခြားသား ကုန်သည်တစ်ဦး ယူရိုငွေ ၅ သောင်းနှုန်းနှင့် မြန်မာနိုင်ငံသားတစ်ဦး ယူရိုငွေ ၂ သောင်းနှုန်းကို ယခုလ ၁၁ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန် သတ်မှတ် ထားခြင်း ဖြစ်ပြီး နောက်ကျရောက်ရှိလာသည့် တရုတ် ကျောက်ကုန်သည် အများစု ၀င်ခွင့်မရ ရှိကြောင်း နေပြည်တော်ကျောက်မျက်ပွဲ တက်ရောက်နေသည့် ကျောက်စိမ်း ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကျောက်ပြပွဲတက်မဲ့ကုန်သည်တွေကို ဒီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်ငွေသွင်းခိုင်းတယ်၊ နိုင်ငံခြားသား တစ်ဦးကို ယူရို ၅ သောင်း ၊ မြန်မာနိုင်ငံသားက ယူရို ၂ သောင်းပေါ့၊ အဲဒီအထဲကနေပဲ ပြပွဲအစအဆုံး ၀င်ကြည့်ခကြေးက နိုင်ငံခြားသားက ယူရို ၁၀၀ ၊ နိုင်ငံသားက ကျပ် ၆ သောင်းပြန်ဖြတ်တာပေါ့။ တရုတ်တော် တော်များများက ခါတိုင်းလို ထင်ပြီး ငွေမသွင်းတာရှိတယ်၊ တချို့ကလည်း နောက်ကျမှရောက် လာတယ်၊ သူတို့ကျတော့ ၀င်ခွင့်မရတော့ဘူး။ အားလုံးဆို တရုတ် လူမျိုး ၁၀၀ ကျော်လောက် လှည့်ပြန်သွားရတယ် ” ဟု ဆိုသည် ။
ကျောက်မျက်ပြပွဲတွင် တစ်ရက်လျှင် ကျောက်စိမ်းလေလံအတွဲ ၁၈၀၀ ထုတ်ပြပြီး လေလံအောင်သည့် စာရင်းကို နေ့စဉ် နံနက် ၉ နာရီတွင် ကြေငြာကြောင်း သူက ဆက်ပြောသည်။
“တစ်ရက်ကို အတွဲ ၁၈၀၀ နှုန်း လေလံတင်တာပေါ့ နောက်တစ်ရက်ဆိုရင် အတွဲ ၃၆၀၀ ဖြစ်သွားမယ်၊ အားလုံး ကျောက်စိမ်းအတွဲက ၁၀၀၀၁ တွဲတင်မယ်၊ လေလံအောင်တဲ့စာရင်းကိုတော့ မနက် ၉ နာရီမှာ ကြေငြာတယ်” ဟု ဆိုသည်။
အဆိုပါ ကျောက်မျက်ပြပွဲသို့ တရုတ်ကုန်သည်အများစု တက်ရောက်နေပြီး မွတ်ဆလင်လူမျိုးကုန်သည်များ လာရောက်သူ မရှိသလောက်နည်းကြောင်း၊ ယခင်က လေလံအောင်သော်လည်း လေလံဆွဲသူများဘက်မှ ကျောက်များ လာရောက် မထုတ်ယူသဖြင့် ယခုကဲ့သို့ ကြိုတင်ငွေ ပေးသွင်းရန် စည်းကမ်းချက်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။