အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ဟုဆိုကာ ဆန္ဒပြ

အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ဟုဆိုကာ ဆန္ဒပြ
by -
မဇ္စျိမ

အမျိုးသမီးနှင့် ကလေးငယ်များကို အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် ရန်ကုန်တိုင်း ဒလမြို့ ကမာကသွယ်ရပ်ကွက်တွင် ပြည်သူ ၄၅ ဦးက ဇွန် ၁၇ ရက် နံနက်က ဆန္ဒပြခဲ့သည်။

အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ဟုဆိုကာ ဆန္ဒပြ

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများအရ ရန်ကုန်တိုင်းတွင် သုံးရက်လျှင်တစ်ကြိမ်နှုန်း အဓမ္မပြုကျင့်မှုဖြစ်ပွားလျက်ရှိသည်ကို လေ့လာတွေ့ရှိရ ပြီး ယင်းအမှုများ၏ ထက်ဝက်ကျော်သည်လည်း ၁၈ နှစ်အောက် အရွယ်မရောက် သေးသူများကို ကျူးလွန်ခြင်းဖြစ်သည်သာမက  ၁ဝ နှစ်အောက် ကလေးငယ်များကို ကျူးလွန်သည့် အမှုများလည်းရှိကြောင်း ယင်းမှုခင်းမှတ်တမ်းများတွင် တွေ့ရသည်။

ယခုဆန္ဒပြသူများနေထိုင်သည့် ကမာကသွယ်ရပ်ကွက်တွင် အဓမ္မပြုကျင့်မှုများနှင့် လူကုန်ကူးမှုများ တစ်လ အတွင်း နှစ်ကြိမ်မှ သုံးကြိမ်အထိဖြစ်ပွားခဲ့ဖူးကြောင်း ဆန္ဒပြခေါင်းဆောင် ဦးတင်ထူးက ပြောသည်။

သူတို့သည် ''မုဒိမ်းမှုမဖြစ်ပွားရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး''၊ ''ပြစ်မှုကျူးလွန်ခြင်းသည် ဆုံးရှုံးခြင်း တစ်မျိုးဖြစ်သည်၊ သားသမီးချင်းကိုယ်ချင်းစာပါ''စသည့် ကြွေးကြော်သံဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ယခုလှုပ်ရှားမှုသည် မူခင်းများကို ရဲများနှင့်အတူ ပြည်သူများက ပူးပေါင်းဖော်ထုတ်ရေးအတွက် အသိပညာ ပေးမှုတစ်ခုလည်းဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောကြားသည်။

''ရဲလည်း သူ့ရဲ့တာဝန်အရ သူလုပ်တယ်ပေါ့နော်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ဟ တာတွေလည်းရှိမှာပေါ့။ ဒါကို လူထုဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးမှပဲ ပေါ်တာတွေလည်းရှိမယ်လေ''ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း အဓမ္မပြုကျင့်မှုများ များပြားနေသလို ကလေးများအပေါ်ကျူးလွန်မှုများလည်းရှိနေသဖြင့် တိုင်းရဲတပ်ဖွဲ့က ဆင်ဆာမဲ့ ပြည်ပရုပ်ရှင်ကားများကို ယခင်ထက်ကြပ်မတ်စွာ ဖမ်းဆီးနေပြီး ''သက်ငယ်မုဒိမ်း လျှော့ချရေး စီမံချက်''ကိုလည်း ချမှတ်ဆောင်ရွက်နေသည်။ ထို့ပြင် ဆင်ခြေ ဖုံးမြို့နယ်များတွင်အဓမ္မပြု ကျင့်မှုများနှင့် ဆိုင်သည့် အသိပညာပေး လုပ်ငန်းများကို ရဲများက ကွင်းဆင်းဆောင်ရွက်လျက် ရှိနေသည်။

သို့သော် ထိုစီမံချက်များ ဆောင်ရွက်နေသည့် ကာလအတွင်း ဇွန် ၁၁ ရက်ကဆိုလျှင် ကလေးများကို အဓမ္မကျင့် မှုနှင့် ကြံစည်မှု တစ်ရက်တည်းနှင့် သုံးမှု ရဲစခန်းတွင် အမှုဖွင့်ခဲ့သလို အခြားနေ့များတွင်လည်း အဓမ္မပြုကျင့်မှုအချို့ ရန်ကုန်တိုင်းတွင် ဆက် ဖြစ်ပွားခဲ့သည်။

အဓမ္မပြုကျင့်မှုများကို ဆန့်ကျင်ဆန္ဒပြ သူများက ယခုကဲ့သို့ ဆန္ဒပြမှုများ မလုပ်ဆောင်ပါက မသိနားမလည် သော မိန်းကလေးများကို အလုပ်ရှာပေးမည်ဟုဆိုကာ လူကုန်ကူးခြင်း၊ ကလေးငယ်များကို ထိန်းပေးယောင် ဆောင်၍ အဓမ္မပြုကျင့်ခြင်းများ ဆက်လက်ရှိနေဦးမည်ဖြစ်၍ ဆန္ဒပြ၍ လှု့ံဆော်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းတွင် ငါးလအတွင်း အဓမ္မပြုကျင့်မှု ၆၁ မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုစုစုပေါင်း၏ ထက်ဝက်ခန့်မှာ ကလေးများ ကို ကျူးလွန်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မှုခင်းမှတ်တမ်း များတွင် လေ့လာတွေ့ရှိရသည်။

Most read this week