ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်နေ့တွင် ကယား (ကရင်နီ) ပြည် လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ခိုင်မာတဲ့သဘောတူညီချက် မရှိသေးတဲ့ စစ်ရေးကိစ္စကို ဦးစားပေး ဆွေးနွေးမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ပြောဆိုပါတယ်။
"လာမယ့် ဇွန်လ ၁၉ ရက် ၂၀ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ် လွိုင်ကော်မှာ ဆွေးနွေးမယ်။ ဒီတကြိမ်တွေ့ရင်တော့ မနှစ်က ဇွန်လ ၉ ရက်နေ့တုန်းက ရရှိခဲ့တဲ့ ၁၄ ချက်ကို ပဲ ကျနော်တို့က ထပ်မံပြီးတော့ အသေးစိတ် ဆွေးနွေးမှာပဲဖြစ်ပါတယ်။ ၁၄ ချက်ထဲမှာ အထူးသဖြင့် စစ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ သဘောတူညီမှု တခုမှ မရှိသေးပါဘူး။ ဒါကြောင့်မို့ စစ်ရေးကိစ္စကို အခိုင်အမာ သဘော တူညီမှု ရရှိဖို့အတွက် ဒီတကြိမ် ကျနော်တို့ ဦးစားပေးဆွေးနွေးမှာ ဖြစ်ပါတယ်"လို့ KNPP ဒု-ဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။
၂၀၁၂ခုနှစ် မတ်လ ရ ရက်နေ့မှာ KNPP နဲ့ အစိုးရတို့အကြား ပြည်နယ်အဆင့်တွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲမှာ KNPP ဘက်မှ တင်ပြထားတဲ့အချက် ၂၀ ထဲမှ ၁၄ ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
KNPP နဲ့အစိုးရတပ်တွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ဗီဇာပိတ်ဆို့မှုတွေ အားလုံးပယ်ဖျက်လိုက်ပြီးလက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ လာမှုအပေါ် နိုင်ငံ တကာရဲ့ ထောက်ခံ အားပေးမှုတွေ ရလာနေပေမဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းကြစဉ် ကာလအတောအတွင်း ကယားပြည်နယ်မှာ အစိုးရဘက်မှ မဖြစ်သင့်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိ နေသေးတယ်လို့ ခူးဦးရယ်က ယခုလို ဆက်ပြောပါတယ်။
"ငြိမ်းချမ်းရေး ကြိုးပမ်းကြစဉ်အတောအတွင်း…သူတို့(အစိုးရဘက်က) တပ်စခန်းအသစ်တွေ တည်ဆောက် တယ်။ တပ်စခန်းအဟောင်းတွေကိုလည်း မွမ်းမံတယ်။ ပြင်ဆင်တယ်ပေ့ါနော်။ ဆိုတော့ ဒါတွေက သူတို့ဖက်ကတော့ ပစ်ခတ်ရပ်စဲရေးအပေါ် အခွင့်ကောင်းယူပြီးတော့ အားလုံး အမြတ်ထုတ်နေတာပဲပေါ့။ ကျနော်တို့ဖက်က ဘာတခုမှ အမြတ်မရှိပါဘူး"
KNPP နဲ့ စစ်အစိုးရတို့ဟာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ အချက် ၁၆ ချက်နဲ့ အပစ်အခတ်ရပ်စဲ ရေး သဘောတူခဲ့ကြပေမဲ့ ၃ လ မျှအကြာမှာ သဘောတူညီမှု ပြန်လည်ပျက်ပြားခဲ့ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား ခဲ့ဖူးပါတယ်။