တောင်ကြီး- ညီနောင် တိုင်းရင်းသား ၁၅ ပါတီ ဖက်ဒရေးရှင်း အစည်းအဝေး ဆုံးဖြတ်ချက်များ

တောင်ကြီး- ညီနောင် တိုင်းရင်းသား ၁၅ ပါတီ ဖက်ဒရေးရှင်း အစည်းအဝေး ဆုံးဖြတ်ချက်များ
by -
နိရဥ္စရာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ရုံးချုပ်မှာ ၁၅ ကြိမ်မြောက် နှစ်ရက်ကြာ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ( Nationalities Brotherhood Federation)  ၁၅ ပါတီ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၁ ရက်ကနေ ၁၂ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ အချက် ၆ ချက်  သဘောတူညီမူ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အဲဒီသဘော တူညီချက်တွေကို သဘောထားကြေငြာချက်မှာ ထည့်ပြီး ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ အခု တစ်ခေါက် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေဟာ အရင်ကထက်စာရင် ပိုမို ထူးခြားမူတွေ ရှိနေတာကြောင့် ပြည်သူတွ အတွက်  စိတ်ဝင်စားစရာ ဖြစ်နေ တာကို တွေ့ရပါတယ်။ ဒါကြောင့် ပိုမို သိရှိနိုင်အောင် တောင်ကြီးမြို့ကနေ ရန်ကုန်ကို ပြန်ရောက် လာတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးလှစောကို  နိရဥ္စရာက ဆက်သွယ်ပြီး မေးမြန်းခဲ့ပါတယ်။ အတွင်းရေးမှူး  ဦးလှစောက အသေးစိတ် ခုလို ပြောပြပါတယ်။

NBF-conference

(တောင်ကြီးမှာ ညီလာခံလုပ်တယ်လို့ကြားပါတယ်။ အဲဒီ ညီလာခံ အခင်းအကျင်းနဲ့ပတ်သတ်ပြီး နည်းနည်း ပြောပြပေးစေချင်ပါတယ်။ ဘယ်အဖွဲ့ကလုပ်တာလဲ။ ဘယ်လိုခေါင်းစဉ်နဲ့ လုပ်ကြသလဲ ဆိုတာ နည်းနည်းပြောပြ ပေးစေချင်ပါတယ်။)

ဦလှစော- အမှန်ကတော့ တောင်ကြီးညီလာခံတော့ မဟုတ်ပါ။ ကျွန်တော်တို့ တိုင်းရင်းညီနောင်များ ဖက်ဒရေးရှင်း အဖွဲ့က တစ်လ တစ်ကြိမ် ပုံမှန်နီးပါး ကျင်းပတဲ့ အစည်းအဝေးကို တောင်ကြီးမှာလုပ်တာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ၁၉၆၁ ခုနှစ်ကစပြီး တောင်ကြီးညီလာခံဟာ အလွန်တရာနာမည်ကြီးတဲ့ သမိုင်း အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့ပါတယ်။ တိုင်းပြည်မှာ အာဏာသိမ်း ကံဆိုးမိုးမှောင် ဖြစ်ခဲ့တဲ့ အတွက်ကြောင့် အဲဒါနဲ့ပတ်သတ်ပြီး တောင်ကြီး ညီလာခံ ဆိုပြီး သုံးလိုက်ကြတာ ဖြစ်ပါတယ်။ အမှန်ကတော့ ပါတီတစ်ခုက တာဝန်ရှိတဲ့ ခေါင်းဆောင် ၅ ဦးတွေ့ဆုံပြီး အခုလက်ရှိ မြန်မာ နိုင်ငံရေး မှာ ဘာတွေလုပ်ကြ မလဲ။  လက်ရှိ အခြေအနေတွေကို သုံးသပ်ပြီး ကြေငြာချက်တွေ ထုတ်တယ်။ ပုံမှန် တွေ့ဆုံတဲ့ အစည်းအဝေး တစ်ခုသာဖြစ်ပါတယ်။

(အဲဒီအစည်းအဝေးမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီဘယ်နှစ်ခုက တက်ရောက်ခဲ့ပါသလဲ။ ပြီးတော့ ကိုယ်စားလှယ် ဘယ်နှစ်ဦး တက်ရောက်ခဲ့ပါသလဲ။)

ဦလှစော – တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ပါတီ ၁၅ ပါတီပါ။ ရွေးကောက်ပွဲ ၀င်တဲ့ ပါတီတွေလည်း ပါတယ်။ အသစ်တည်ထောင်တဲ့ ပါတီလည်းပါတယ်။ အဲဒီအထဲမှာ NBF တိုင်းရင်းသား ဖက်ဒရေးရှင်း အဖွဲ့ဝင် ရ ပါတီ ရှိပါတယ်။ နောက်လေ့လာသူ အဖြစ် ၈ ပါတီ တက်ရောက်ပါတယ်။

(အဓိကအားဖြင့် အဲဒီအစည်းအဝေးမှာ တိုင်းရင်းသားတွေနဲ့ပတ်သတ်ပြီး ဘာသဘောတူညီချက် တွေကို ရရှိခဲ့ပါလဲ။)

ဦးလှစော- အဲဒီအစည်းအဝေးမှာ အဓိကအားဖြင့် ၂၀၁၅ မှာ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စား ပြုတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပါတီ တစ်ရပ် ထူထောင်ဖို့ ဆိုတာကို ဆုံးဖြတ်ခဲ့တယ်။ အဲဒီ ပါတီ ကတော့ အသစ် ထူထောင်ဖို့ ပါတီပါ။ မူလ ရှိနေတဲ့ တိုင်းရင်းသားပါတီတွေက တိုင်းရင်းသား နယ်မြေ ဒေသ တွေမှာ ဒီတိုင်းဘဲ ရှိနေမယ်။ သို့သော် ပြည်မမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ဧရာဝတီ၊ ပဲခူးတိုင်း တွေမှာ ပြီးရင် တိုင်းရင်းသားတွေ အများစု ရှိတဲ့ တိုင်းဒေသကြီး နေရာတွေမှာ တိုင်းရင်းသားတွေကို ကိုယ်စား ပြုပြီး အမတ် နေရာ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရေးရှင်း ပါတီ တစ်ခု ထူထောင်ဖို့ ဆိုတာကို ဆုံးဖြတ် လိုက်ပါတယ်။ နောက်တခုက ဒီ PR စနစ်ဟာ တိုင်းရင်း သားပါတီတွေရဲ့ တိုင်းရင်းသား ဒေသတွေမှာ တိုးတက် ရှင်သန်မှုကို အညွန့် ချိုးသလိုဖြစ်တဲ့ အတွက်ကြောင်း PR စနစ်ကို လုံးဝလက်မခံဆိုတာကို ကြေငြာချက်မှာ ထည့်လိုက်ပါတယ်။  နောက် အရေးကြီးတဲ့ အချက် တစ်ခုက ကျွန်တော်တို့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ နောက် အစိုးရ ကိုယ်စားလှယ်၊ တပ်မတော် ကိုယ်စားလှယ်တွေ၊ တပ်မတော် ခေါင်းဆောင်းတွေ၊ နောက် ဒီမိုကရေစီ အင်အားစုတွေ အားလုံး ပါ၀င်တဲ့ ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို ၂၀၁၅ မတိုင်မီကျင်းပဖို့ဆိုတာကို ကျွန်တော်တို့ အစိုးရအဖွဲ့ကို တိုက်တွန်းပါတယ်။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အမြန်ဆုံးလက်တွေ့ကျကျ ပြန်လည် ပြင်ဆင်ဖို့ အတွက်လည်း ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကို တိုက်တွန်းပါတယ်။ နောက် ကြေငြာချက်ထဲမှာ ပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ်တွေမှာ အဟန့်အတားဖြစ်နေတဲ့ ကိစ္စ တွေကို ဖျက်သိမ်းပေးဖို့ကိုလည်း ကျွန်တော်တို့ ကြေငြာချက်မှာ ထည့်ထားပါတယ်။ ရခိုင်နဲ့ ပတ်သတ် လာလို့ရှိရင် ရခိုင် ဆိုရင်လည်း တပြည်လုံးနဲ့ပတ်သတ် လာတဲ့အတွက်ကြောင့်  နိုင်ငံသား မဟုတ် သူတွေ နို်င်ငံရေးပါတီ ထောင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့် တွေကို ဥပဒေကြောင်း အရ စိစစ်ပြီး ပယ်ဖျက်ပေးဖို့ဆိုတာကိုလည်း ထည့်သွင်းထားပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည် နိုင်ငံရေး အတွေ့အကြံုအရ နိုင်ငံသားမဟုတ်သူတွေ၊ နိုင်ငံရေးပါတီထူထောင်ခွင့်၊ အရွေးချယ် ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ဟာ အချုပ်အချာအာဏာကို တစ်စုံတရာ နှောင့်ယှက် ထိပါး လာနိုင်တဲ့ အခြေအနေမှာ ရှိတဲ့ အတွက်ကြောင့် ဒါတွေကို စီစစ်ပြီး ဥပဒေ ပုဒ်မတွေနဲ့ အညီ ဖြေရှင်း ပေးဖို့ ဆိုတာကိုလည်း ကျွန်တော်တို့ ကြေငြာချက်ထဲမှာ ထည့်ထားပါတယ်။

( အခုတိုင်းရင်းသား ၁၅ ဖွဲ့က ထုတ်တဲ့ကြေငြာချက်မှာ ထည့်ထား တာပါလား။)

ဦးလှစော- ဟုတ်ပါတယ်။ ဟုတ်ပါတယ်။

(ခုနားက ပါတီ နောက်တခုပါ့လေ။ ဒီဖက်ဒရယ် ပါတီတစ်ခုကို ထူထောင်မယ်ဆိုပြီး ပြောသွား ပါတယ်။ အဲဒီပါတီကို ဘာကြောင့်ထူထောင်ဖို့လိုပါသလဲ။ အဲဒီပါတီက တိုင်းရင်းသား ဒေသတွေကို ကိုယ်စား မပြုဘဲ။ ဘာကြောင့် ပြည်မက တိုင်းဒေသကြီးတွေကို ကိုယ်စားပြုဖို့လုပ်ရတာပါလဲ။)

ဦးလှစော – ကျွန်တော်တို့ ဥပမာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတွေမှာလည်း တိုင်းရင်းသား ပါတီတွေ အမာခံ မရှိကြဘူး။ သို့သော် အဲဒီတိုင်းတွေမှာ တိုင်းရင်းသားတွေ အများကြီး ရှိပါတယ်။ ဥပမာ ဧရာဝတီ တိုင်းမှာ ဆိုလို့ရှိရင် မွန်ရှိတယ်။ ရခိုင်ရှိတယ်။  ကရင်ရှိတယ်။  အဲဒီလို ပဲခူးတိုင်း မှာလည်း ကရင်ရှိတယ်။ မွန်ရှိတယ် ဆိုတော့ အဲဒီဒေသတွေ မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့အသံကို ကိုယ်စားပြုတဲ့ ပါတီ တစ်ရပ် ၊ အဲဒီ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြု ပြီး လွတ်တော်ထဲမှာ အမတ်နေရာ ရရှိလာမယ် ဆိုရင် တိုင်းရင်းသား အသံတွေဟာ ပိုပြီး ပီပြင်လာမယ်။ ပိုပြီးလည်း ကျယ်လောင်လာမယ်။ အဲလို ဖြစ်မှ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာလည်း  တန်းတူ ဖြစ်လာမယ်။ မဟုတ်ရင် မြန်မာ့နိုင်ငံရေးမှာ ဗမာပါတီတွေကဘဲ အမြဲတန်း ကြီးစိုးပါတယ်။ အခုလည်း NLD သို့မဟုတ် ကြံံ့ခိုင်ရေး ဖြစ်လာမယ်။ ကျွန်တော်တို့က တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ပါတီတွေ ရှိမယ်။ ပြည်မမှာလည်း တိုင်းရင်းသား အားလုံး ပေါင်းထားတဲ့ ပါတီ တစ်ခု ရှိမယ်ဆိုရင် ဗမာပြည်ထောင်စု နိုင်ငံရေးမှာ တိုင်းရင်းသား အခန်း ကဏ္ဍတွေဟာ ပိုပြီးတော့ အဆင့်အတန်း တစ်ခုကိုရောက်လာနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်တွေလည်း ကျွန်တော်တို့မှာ ပါပါတယ်။

( ဟုတ်ကဲ့ ဒီလိုဆိုရင် အခု ပြည်မမှာ ဖွဲ့စည်းမယ့် တိုင်းရင်းသား ဖယ်ဒရယ် ပါတီနဲ့ လက်ရှိ ရှိနေကြတဲ့ RNDP တို့ SNLD တို့လို တိုင်းရင်းသား ပါတီတွေ ဘယ်လိုဆက်စပ်မှု ရှိမှာပါလဲ)

ဦးလှစော – အဲဒီပါတီနဲ့ ကျွန်တော်တို့နဲ့ ပတ်သက်မှု မရှိပါ။ ရွေးကောက်ပွဲ ဥပဒေ အရ ဆိုရင် RNDP တို့ SNLD တို့မှာပါတဲ့ လူတွေ အဲဒီပါတီမှာ ပါမှာ မဟုတ်ပါ။ အဲဒီပါတီဟာ တခြား နိုင်ငံရေး စွမ်းရည် ရှိတဲ့ ပုဂ္ဂိုလ်တွေ သီးခြား စုစည်းပြီး ထောင်မှာ ဖြစ်ပါတယ်။ သို့သော်ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေနဲ့ ညီအစ်ကိုလို အပြန်အလှန် နားလည်မှု မြင့်မြင်းမားမားနဲ့ ရှိနေမယ်။ သို့သော် သီးခြား ပြည်ထောင်စုပါတီ တစ်ရပ်ဖြစ်ပါတယ်။

( နောက်တခုက ပင်လုံလို ညီလာခံ တစ်ခုကို ၂၀၁၅ ခုနှစ် မတိုင်မီ ပြုလုပ်မယ်လို့ ဆုံးဖြတ်တယ်လို့သိ ရပါတယ်။ အဲဒီမှာ လည်း လူတန်းစား ပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံက လူတွေ ပါ၀င်ဖို့လိုတယ် လို့ပြောပါတယ်။  အဲဒီညီလာခံကို ဘာကြောင့် ၂၀၁၅ မတိုင်မီ ပြု လုပ်ဖို့ လိုအပ် ပါသလဲ။)

ဦးလှစော – ၂၀၁၅ ခု မတိုင်မီ နိုင်ငံရေး အင်အားစု အားလုံး ပါ၀င်တဲ့ ညီလာခံ ဆိုတာက အစိုးရ မှာလည်း သဘောထား ရှိပါတယ်။ နောက် အပြင်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အား စုတွေ စုထားတဲ့ UNFC မှာလည်း ဒီ ၂၀၁၅ မတိုင်မီ လက်နက်ကိုင်အင်အားစုတွေ၊ တိုင်ရင်းသား အင်အားစု အားလုံး ပါ၀င်တဲ့ ညီလာခံ တစ်ရပ်ကို လုပ်သင့်တယ် ဆိုတာကို UNFC မှာလည်း ဆုံးဖြတ် ထား ပါတယ်။ အဲဒီမူကို ကျွန်တော်တို့က ထောက်ခံပြီး ထပ်လောင်းအတည်ပြုပြီး နိုင်ငံတော် အစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။

(ဟုတ်ကဲ့ အခုတိုင်းရင်းသားအဖွဲ့အစည်း ၁၅ ခုအစည်းအဝေးလုပ်တယ်ဆိုတော့ အရင်နဲ့နှိုင်းယှဉ်ရင် တိုင်ရင်းသားတွေကြားမှာ ညီညွတ်မှုအခြေအနေက ဘယ်လိုရှိပါသလဲ။ တိုးတက်လာတဲ့ သဘောမှာ ရှိပါလား။ ဆုတ်ယုတ်တဲ့ အနေအထားမှာ ရှိပါလား။)  

ဦးလှစော – ကျွန်တော်တို့ ရွေးကောက်ပွဲ မတိုင်မီ ဒီ NBF ထောင်တဲ့အချိန်မှာ  ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း စုစည်းတာပါ။ အဲဒီတုန်းကဆိုရင် လူမသိ သူမသိ။ အခုဆိုရင် NBF ဆိုတာ ပိုပြီး ညီညွတ်လာတယ်။ ပိုပြီး စည်းလုံးလာတယ်။ နိုင်ငံတကာကလည်း အသိအ မှတ်ပြုလာတယ်။ ကျွန်တော်တို့ NBF ကို လက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ UNFC ကလည်းတရားဝင်ဖိတ် ခေါ်ပြီး အစည်းအဝေးတွေမှာ ဆွေးနွေးလာတာတွေလည်းရှိလာတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ အကြားမှာလည်း ပိုပြီး ညီညွတ်လာပါတယ်။ ပိုပြီးစည်းရုံးလာပါတယ်။ ပိုပြီးလည်း နိုင်ငံရေး အရလည်း အနှစ်သာရပိုင်းမှာ  မြင့်တက်လာတယ်လို့ ယူဆပါတယ်။

Most read this week