တိုင်းရင်းသား နှီးနှောဖလှယ်ပွဲတခု DKBA ဌာနချုပ်တွင် ပြုလုပ်မည်

တိုင်းရင်းသား နှီးနှောဖလှယ်ပွဲတခု DKBA ဌာနချုပ်တွင် ပြုလုပ်မည်
by -
မဇ္စျိမ

တိုင်းရင်းသား လက်နက်ကိုင်နှင့် မြေပေါ် အဖွဲ့အစည်းများ စုပေါင်း၍ နိုင်ငံရေး အဖြေတခု ရရှိရေးအတွက် ဇွန် ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် နှီးနှောဖလှယ်ပွဲ တခု ကျင်းပမည်ဟု DKBA မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး က ပြောသည်။

ထိုနှီးနှောဖလှယ်ပွဲကို အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားဘွယ် ဦးဆောင်သော DKBA ကလိုထူးဖောတပ်ဖွဲ့မှ ကမကထပြုလုပ်၍ ၎င်းတို့ဌာနချုပ် ဆုံဆည်းမြိုင် ဒေသတွင် ကျင်းပမည် ဖြစ်သည်။

အဓိကအားဖြင့် တိုင်းရင်းသားများ၏ အမြင်များ ဖလှယ်၍ ရှေ့ဆက် လုပ်ဆောင်ရမည့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးကို ညှိနှိုင်းလုပ်ဆောင်သွားရန် ယခု အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ် မိုရှေး က မဇ္စျိမကို ပြောသည်။

“ကျနော်တို့ တိုင်းရင်းသားတွေ ဟန်ချက်ညီညီနဲ့ ထာဝရ ငြိမ်းချမ်းရေး ခရီးရောက်ဖို့၊ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ဘယ်လို လုပ်ကြမလဲ၊ ညီညီညာညာနဲ့ သွားကြဖို့။ ခုတော့ ကျနော်တို့ နှီးနှောဖလှယ်ပွဲတွေ မရှိတော့ ဆုံးဖြတ်တာတွေ မရှိဘူး။ သူ့အဖွဲ့နဲ့သူတော့ ရှိကြတယ်။ ဒါပေမယ့် ဟန်ချက်ညီညီနဲ့ လုပ်နေတာ မတွေ့ရဘူး။ ဒီတကြိမ်မှာ ဆုံးဖြတ်ချက်တခု ချနိုင်အောင်၊ အဖြေတခု ထွက်နိုင်အောင် လုပ်ဖို့ပဲ” ဟု ဆိုသည်။

ကချင်၊ ရှမ်း၊ ပအိုဝ့်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ တိုင်းရင်းသား နိုင်ငံရေးပါတီများ အားလုံးကို ဖိတ်ခေါ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

သောကြာနေ့ နေ့လည်ပိုင်းထိ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ)၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်(ကလလတ)၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ရောက်ရှိနေကြောင်း သိရသည်။

စနေနေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ၂ ရက် သို့မဟုတ် ၃ ရက်ကြာမည့် နှီးနှောဖလှယ်ပွဲမှ တိုင်းရင်းသားများအတွက် ရလဒ်တခု ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဗိုလ်မှူးချုပ် မိုရှေးက ပြောသည်။

DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။

Most read this week