ယခုလို မိုးဦးကျကာလမှာ ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါများ စတဲ့ ရာသီအလိုက် အဖြစ်များတဲ့ ရောဂါတွေ ဖြစ်ပွားမှု မရှိအောင် အစိုးရဌာနဆိုင်ရာများမှ ပညာပေးလုပ်ငန်းများ လိုက်လံပြုလုပ်ပေးနေပါတယ်။
“NGOs ၊ ACF ၊ Care Myanmar တို့ လူမှုအသင်းအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းတွေလိုမျိုး သင်တန်းတွေလုပ်တယ်။ စေတနာ့ ဝန်ထမ်းတွေ၊ ဆေးဝါးတွေပေးတယ် ရွာတိုင်းမှာ ဖွဲ့ထား တယ်။ မြို့နယ် မှာ သွေးလွန်တုတ်ကွေး မပြန့်ပွားအောင် ကျနော်တို့ ပြည်သူ လူထုသိရှိဖို့အတွက် လိုက်ပြီးဟောပြော ပေးဖို့သူတို့သိရှိပေးဖို့အတွက် လိုက်ပြီးတော့မှ ပြောပေးခြင်း ဖြစ်ပါတယ်။ ခြင်ကနေ ကူးစက်ရောဂါ ဆက်မပြန့်ပွားဖို့အတွက် ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” လို့ ဒီးမော့ဆို မြို့နယ်မှ ငှက်ဖျားရောဂါ ကြီးကြပ်သူ ဦးစောယူဒေ ကပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့က ငွေတောင်ကျေးရွာအုပ်စု၊ ကျေးလက်ဆေးပေးခန်းမှာ ကျင်းပသွားတဲ့ သွေးလွန်တုတ်ကွေးနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအပြီးမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
ကျန်းမာရေးဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတွေလည်း ပါ၀င်ဟောပြောခဲ့ပါတယ်။
ပညာပေးလုပ်ငန်းများကို ကယားပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုလို ကျန်းမာရေး ပညာပေးလုပ်ငန်းများကြောင့် ၂နှစ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုများအတော်ပင် ကျဆင်းခဲ့တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“ငှက်ဖျားပညာပေးမှုကတော့ တော်တော််လေး အကျိုးရှိပါတယ်၊ ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်မှာဆို သေဆုံးမှုမရှိတော့သလောက် တော်တော်လေး လျော့သွားတယ်။ပြည်သူလူထုလည်း ဗဟုသုတများလာတာလည်းပါတယ်။ ငှက်ဖျားဖြစ်ရင် ဘယ်နားသွားကုရမလဲဆိုတာ သိလာတာပေါ့။ ဆေးခန်းမှာသွားကုဖို့ သွေးဖောက်စစ်ဆေးဖို့ သူတို့နားလည် လာပြီ ။အရင်ကလိုမျိုး ကိုယ့်ဘာသာကို ဆေးလျှောက် ဝယ်သောက်တာမျိုး မရှိတော့ဘူး။ ဒီတချက်အောင်မြင်တယ်ဆိုတာ ကျနော်တို့တွေ့ရှိတယ်” လို့ဆက်ပြောပါတယ်။
အခုလို အစိုးရဖက်မှ ဌာနဆိုင်ရာများနှင့် NGOs များအပြင် ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့အစည်း များကလည်း ကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် ဆေးကုသမှုများနှင့် ခြင်ထောင်များဖြန့်ဝေခြင်း လုပ်ငန်းများ လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။
“အရင်တုန်းကဆိုတော့ တော်တော်များတယ်ပေါ့နော။ ဖျားနာပြီးတော့ သေဆုံးတဲ့သူတွေ တော်တော်များ တယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ ဒီ တောင်ပေါ်ဒေသမှာလည်း သူတို့ဝန်ထမ်းတွေက သွားလာတဲ့ခါ ကျတော့ သေဆုံးမှုအများကြီး ကျလာတာပေါ့။ သေဆုံးမှု သိပ်မရှိတော့ဘူး” လို့ ကရင်နီနယ်လှည့် ကျောပိုးအိတ်အဖွဲ့မှ ဒုတာဝန်ခံ ဆရာဖီးလစ်က ခုလိုပြောပြပေးတာပါ။
ကယားပြည်နယ်အတွင်းမှာ ငှက်ဖျားရောဂါ အဖြစ်များဆုံးဒေသများကတော့ ရှားတော၊ ဖားဆောင်းနှင့် ဘောလခဲဒေသ များပဲဖြစ်ပါတယ်။